F-16 တိုက်လေယာဉ်များက ရုရှားလုပ် Su-35 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိဟု ယူကရိန်းပြော
အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသည့် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များသည် လေကြောင်းတိုက်ပွဲတွင် ရုရှားလုပ် Su-35 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဟု ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
Su-35 ဘက်စုံသုံးတိုက်လေယာဉ်များသည် လေယာဉ်အသစ်များ ဖြစ်သောကြောင့် တိုက်လေယာဉ်နှစ်စင်းအကြား ဖြစ်ပွားသည့် လေကြောင်းတိုက်ပွဲတွင် ရုရှားလုပ် Su-35 တိုက်လေယာဉ်အား ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ ယူကရိန်းလေတပ် အနေဖြင့် မြေပြင်အခြေပြု လေကြောင်းကာကွယ်ရေးစနစ်၊ အီလက်ထရွန်နစ်စစ်ဆင်ရေး စနစ်များနှင့် လေကြောင်းအချက်ပေး ရေဒါစနစ်များ လိုအပ်လျက်ရှိကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီ အီဂနက်က ယူကရိန်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် Novosti နှင့် မတ်လ၁၁ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားသည်။
NATO အဖွဲ့ဝင်အနောက်နိုင်ငံများသည် အမေရိကန်၏ သဘောတူညီချက်အရ ၂၀၂၃ ခုနှစ် နှစ်လယ်ခန့်ကတည်းက ယူကရိန်းနိုင်ငံသို့ F-16 တိုက်လေယာဉ်များကိုပေးပို့ခဲ့ပြီး ယူကရိန်း လေယာဉ်မှူးများကိုလည်း လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ငံများတွင် ဘယ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နော်ဝေနိုင်ငံတို့ ပါဝင်ပြီး ယင်းနိုင်ငံများသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်အစင်းပေါင်း ၈၀ ခန့်ပေးပို့ခဲ့သည်။
ထို့ပြင် ယူကရိန်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် F-16 တိုက်လေယာဉ် ၁၈ စင်းခန့် လက်ခံရရှိခဲ့သော်လည်း ၎င်းတို့အနက် တစ်စင်းမှာ ပျက်ကျပြီးနောက် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် F-16 တိုက်လေယာဉ်များသည် စစ်ပွဲကို အဆုံးအဖြတ်ပေးမည့် တိုက်လေယာဉ်များအဖြစ် ယူကရိန်းအစိုးရက မျှော်လင့်ထားသော်လည်း ၎င်းတိုက်လေယာဉ်တွင် တပ်ဆင်ထားသည့် ရေဒါစနစ်များမှာ ခေတ်နောက်ကျနေပြီး နည်းဗျူဟာမြောက် ကွန်ရက်များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိသောကြောင့် လေကြောင်းတိုက်ပွဲများတွင် တိုက်လေယာဉ်၏ ထိရောက်မှုမှာ ရုရှားလုပ် Su-35 တိုက်လေယာဉ်ကို ယှဉ်နိုင်စွမ်းမရှိဟု ယူကရိန်းက ပြောသည်။
Source: https://myawady.net.mm/