ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် ငွေကျပ် ၂,၃၄၃ ဒသမ ၂ သိန်းတန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာရှိ ၎င်းငှားရမ်း နေထိုင်သည့် နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၉၅ ကီလိုနှင့် Happy Water သုည ဒသမ ၁၆၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ကက်တမင်း ၁ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၂၅ သိန်း)၊ Happy Water သုည ဒသမ ၁၆၂ ကီလို (တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၇၈ ဒသမ ၂ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟာကြားမနိုးကျေးရွာအနီးတွင် ချီးအေး မောင်းနှင်ပြီး အားညွေ့ လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၀၀၀ သိန်း) သိမ်းဆည်းရမိခဲ့ သဖြင့် စိုင်းဟောင်(၂၉)နှစ်၊ ချီးအေး(၄၆)နှစ်နှင့် အားညွေ့(၅၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။
အလားတူ မတ် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျားယော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၄၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျားယော်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm