နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ် တည်ထောင်ခြင်း (၃) နှစ်ပြည့်အထိမ်းအမှတ်နှင့် ရေယာဉ်များ တပ်တော် ဝင်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်နှင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်းလုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် (၄)စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကိုကိုကျော်၊ သက်ဆိုင်ရာ ရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ဦးစွာကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကိုကိုကျော်ကတပ်တော်ဝင်ရေယာဉ်များဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် ရေယာဉ်ပုံစံငယ်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့သည် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်သစ် ၄ စီးကို မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့တွင် အင်အားဝင်ရေယာဉ်များအဖြစ် တပ်တော်ဝင်စာရင်းသွင်းနိုင်သည့် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့အတွက်အား သစ်လောင်းသည့် နေ့တစ်နေ့လည်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ၃ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားလည်း ဖြစ်ကြောင်း။
နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင် ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့် စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည် အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရမည်ဟူသည့် မျှော်မှန်းချက်အမြင် ကျယ်ကျယ် ပြန့်ပြန့်ထားရှိပြီး တပ်ဖွဲ့ကို တည်ဆောက်သွားရန် မှာကြားလိုကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် သတ်မှတ်လုပ်ငန်းတာဝန်များဖြစ်သည့် လူသားချင်းစာနာ အကူအညီပေးရေးကဏ္ဍတွင် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင်၌ အရေးပေါ်လိုအပ် ချိန်များတွင် အကူအညီပေးခြင်းတို့ကို ဒေသတွင်းနိုင်ငံများနှင့်သော်လည်းကောင်း အိမ်နီးချင်းနိုင်ငံများ နှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ တရားမဝင် မှောင်ခိုလုပ်ငန်းများ၊ ဆိပ်ကမ်းများတွင် နိုင်ငံတကာရေယာဉ်များအား စစ်ဆေးကြပ်မတ်ခြင်း (Port State Control Inspections) စသည့်စစ်ရေးနှင့်မသက်ဆိုင်သော ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတာဝန်များကိုလည်း ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိကတာဝန် ယူဆောင်ရွက်ရသည့် Key Actors များဖြစ်ပြီး အဏ္ဏဝါဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် ပင်လယ်ပြင်ဆီယိုဖိတ်မှုနှင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့များပြားသည့် ရေကြောင်းဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်ရေး နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း(၁၄၀၀)ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် (၁၄၃,၁၁၀.၇၂)ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက်များစွာသောရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရသကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်း၊ ပြည်ပက ကုန်သွယ်ရေယာဉ်များကို စစ်ဆေး ကြပ်မတ်ရခြင်းဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာသိရှိနားလည်ပြီး မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရမည် ဖြစ်သကဲ့သို့ အဆိုပါဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် အခုကဲ့သို့ နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင် White Hull Diplomacy ကို ထိထိရောက်ရောက် ကျင့်သုံးလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ အဖြူရောင်ကိုယ်ထည် သံခင်းတမန်ခင်း (White Hull Diplomacy) ဆိုသည်မှာ အဖြူရောင်ရေယာဉ်များကို အသုံးပြု တာဝန်ထမ်းဆောင်ကြသည့် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် သံခင်းတမန်ခင်းကဲ့သို့သော ငြိမ်းချမ်းစွာ ထိတွေ့ဆက်ဆံခြင်း၊ လူသားချင်းစာနာ အကူအညီပေးခြင်းနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အတူတကွ ပူးပေါင်းဆက်ဆံ ဆောင်ရွက်ခြင်းတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေကြောင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ ပင်လယ်ဓါးပြရန် ကာကွယ်တားဆီးနှိမ်နင်းခြင်း စသည့် အရပ်သားပြည်သူလူထုများကို စောင့်ရှောက် ကာကွယ်ခြင်းနည်းလမ်းများကို အခြေခံသည့် Civilian Oriented လူမှုဝန်ထမ်းတပ်ဖွဲ့တစ်ခုအသွင် တာဝန်ထမ်းဆောင်ရခြင်းပင်ဖြစ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြည်သူလူထုကို အကူအညီပေးရန် လူမှုဝန်ထမ်းအခြေပြုတပ်ဖွဲ့ Civilian-Oriented Troop တစ်ခုဖြစ်ခြင်းကြောင့် ပင်လယ်ရေကြောင်းအသုံးပြုသူ Mariners များကို ကူညီကယ်ဆယ်ရန်နှင့် အရပ်ဘက်ရေကြောင်း အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ Agency များ၏ လုပ်ငန်းရပ်များကို ပံ့ပိုးကူညီရန်လိုအပ်ကြောင်း၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ် အခြေအနေ သို့မဟုတ် ရေကြောင်းနှင့်ပတ်သက်သည့် အရေးကိစ္စများ၊ အငြင်းပွားမှုများတွင် ပြည်သူလူထု အတွက် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ အရပ်သား ပြည်သူလူထုများနှင့် အနီးကပ်ထိတွေ့ပြီး အခက်အခဲကာလများတွင် ပြည်သူလူထုဘဝ လုံခြုံစိတ်ချ ရန်နှင့် တရားဥပဒေစိုးမိုးရန်ကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် Public Relations အပိုင်းတွင်လည်း ကျွမ်းကျင်နေရန် လိုအပ်ကြောင်း။
ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ရေကြောင်း အကျိုးစီးပွားများ (Maritime Interests)၊ ရေကြောင်းအရင်းအမြစ်များ (Marine Resources) ကို ထိန်းသိမ်းစောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံပြီး ပြည်တွင်းရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သတ်မှတ်လုပ်ငန်း တာဝန်များအား ကျေပွန်အောင်ထမ်းဆောင်သွားကြရန်၊ ကမ်းခြေစောင့်တပ်ဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “စောင့်ရှောက်ကာကွယ် ဒို့ပင်လယ်” ဆောင်ပုဒ်အတိုင်း မြန်မာ့ပင်လယ်နှင့် ပင်လယ်ပြင်သယံဇာတ အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်နိုင်စွမ်းရှိသော၊ စွမ်းရည်ရှိသော၊ နိုင်ငံတကာကမ်းခြေစောင့် တပ်ဖွဲ့များနှင့် ရင်ဘောင်တန်းနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
၎င်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ကြီးကြပ်ရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီးအား တပ်တော်ဝင်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင် အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင်ရေယာဉ်များဖြစ်သော ၄၈ မီတာ အမြန်သွားကင်းလှည့် ရေယာဉ် (၄)စီးတို့အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမြန်သွားကင်းလှည့် ရေယာဉ်ပေါ်ရှိ ဧည့်သည်တော်မှတ်တမ်းတင်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm