ရုရှားသည် အပစ်အခတ်ရပ်စဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင် ပြောကြား
ရုရှားသည် ယူကရိန်းပဋိပက္ခတွင် ပစ်အခတ်ရပ်စဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီး ထိုသို့သော သဘောတူညီချက်သည် “ရေရှည်ငြိမ်းချမ်းရေးကို ဦးတည်သင့်သည်” ဟု အတိအလင်း ပြောကြားခဲ့ပါသည်။
ရုရှားသည် အပစ်အခတ်ရပ်စဲရေးအယူအဆသည် “မှန်ကန်သော အယူအဆ” ဖြစ်သင့်သည်ဟု ယုံကြည်ကြောင်း သမ္မတ ပူတင်က မတ် လ ၁၃ ရက် (ကြာသပတေးနေ့)တွင် မော်စကို၌ ပြုလုပ်သည့် ဘယ်လာရုဇ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"မိမိတို့က လုံးဝထောက်ခံပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။
“ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အယူအဆကို မိမိတို့က ထောက်ခံပါတယ်” ဟု သမ္မတက ပြောကြားခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိရန် ဆွေးနွေးဖြေရှင်းရမည့် အချို့သော ကိစ္စရပ်များ ရှိနေသေးကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပြီး မော်စကိုသည် အထူးသဖြင့် အမေရိကန်နှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးမှုတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးရန် လိုအပ်နိုင်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့ပါသည်။
သမ္မတပူတင်၏ စိုးရိမ်မှုများတွင် အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ရန် “ထိန်းချုပ်မှုနှင့် အတည်ပြုမှု” စနစ်များနှင့် ယူကရိန်း၏ အပစ်အခတ် ရပ်စဲချိန်ကို အသုံးချ၍ လက်နက်ပြန်လည်တပ်ဆင်ခြင်းနှင့် ရှေ့တန်းရှိ တပ်ဖွဲ့များကို ပြန်လည်အားဖြည့်ခြင်းတို့ ပါဝင်ပါသည်။
“ရက် ၃၀ ကို ယူကရိန်းတွင် အတင်းအကြပ် စစ်ရေးလှုံ့ဆော်မှုကို ဆက်လုပ်ဖို့၊ လက်နက်တပ်ဆင်မှုတွေ ပိုမိုရယူဖို့နှင့် အသစ်ဖွဲ့စည်း ထားသော တပ်ဖွဲ့များကို လေ့ကျင့်ဖို့ အသုံးပြုမှာလား” ဟု သမ္မတက မေးခွန်းထုတ်ခဲ့ပါသည်။ “ထိုသို့သောအရာများ မဖြစ်ပေါ်စေရန် အာမခံချက်များ ရှိပါသလား။” ဟု သမ္မတက ပြောကြားခဲ့ပါသည်။
ရုရှားနယ်စပ်ရှိ Kursk ဒေသ၏ အခြေအနေသည်လည်း အဓိက အငြင်းပွားဖွယ်ရာ အချက်တစ်ခု ဖြစ်နိုင်ကြောင်း ရုရှားသမ္မတက ဆိုခဲ့ပါသည်။ သမ္မတပူတင်က အပစ်အခတ်ရပ်စဲမှုသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ထိုဒေသသို့ ဝင်ရောက်ခဲ့သည့် ယူကရိန်းတပ်များအားလုံးကိုရုရှားက ထွက်ခွာခွင့်ပြုရမည်လားဟု စဉ်းစားခဲ့ပါသည်။ “၎င်းတို့က ပြည်သူတွေကို များပြားလှသည့် ရာဇဝတ်မှုတွေ ကျူးလွန်ပြီးနောက် ၎င်းတို့ကို လွှတ်ပေးရမှာလား။ ဒါမှမဟုတ် ယူကရိန်းက ၎င်းတို့ကို လက်နက်ချဖို့ အမိန့်ပေးမှာလား” ဟု သမ္မတက မေးခွန်းထုတ်ခဲ့ပါသည်။
အမေရိကန်နှင့် ယူကရိန်းတို့သည် မတ်လ ၁၁ ရက်၊ အင်္ဂါနေ့တွင် ဆော်ဒီ အာရေဗျနိုင်ငံတွင် ကျင်းပသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲအပြီး ရက်ပေါင်း ၃၀ ကြာ ယာယီအပစ်အခတ် ရပ်စဲရေးကို ထောက်ခံခဲ့ပါသည်။ အမေရိကန်အထူးကိုယ်စားလှယ် စတီဗ် ဝစ်ကော့ဖ် သည် မတ်လ ၁၄ ရက်နေ့ ညနောက်ပိုင်းတွင် မော်စကိုသို့ လာရောက်စဉ် ထိုဆွေးနွေးပွဲ၏ ရလဒ်များကို တင်ပြမည်ဟု မျှော်လင့်ရပါသည်။
ရုရှားသည် ယခင်က ယူကရိန်းပဋိပက္ခတွင် မည်သည့်ယာယီ အပစ်အခတ်ရပ်စဲမှုကိုမဆို ကန့်ကွက်ခဲ့ပြီး ယူကရိန်းသည် ထိုအချိန်ကို အသုံးချ၍ လက်နက်ပြန်လည်တပ်ဆင်ကာ စစ်ပွဲကို ဆက်လက်ဆင်နွှဲမည်ဟု ပြောဆို ခဲ့ပါသည်။ သမ္မတပူတင်က ပဋိပက္ခကို ဖြေရှင်းရန် မည်သည့်နည်းလမ်း ကိုမဆို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် အကြောင်းရင်းများကို ဖြေရှင်းရမည်ဟု ပြောကြားခဲ့ပါသည်။
ကိုးကား - RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂