မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ် ပြည်နယ် သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို PPP ပါတီက ပြင်းထန်စွာ ကန့်ကွက်

News Image

  • မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ် ပြည်နယ် သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို PPP ပါတီက ပြင်းထန်စွာ ကန့်ကွက်

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို ပြည်သူ့ရှေ့ဆောင် (PPP) ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း တွေ့မြင်ရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက် လွှတ်တော် အမတ် Leishemba Sanajaoba က မတ်လ (၁၀) ရက်တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းရန် အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်မတိုင်မီအချိန် မြန်မာဘုရင်များ လက်ထက်ကတည်းကပင် ကဘော်ချိုင့်ဝှမ်းဒေသမှာ မြန်မာနိုင်ငံအပိုင်ဖြစ်ခဲ့ပြီး ပထမ အင်္ဂလိပ်-မြန်မာစစ်အတွင်း မဏိပူရ်မင်းသား Gambhir Singh သည် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသအား သိမ်းပိုက်ရယူ သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိသျှလူမျိုး အရေးပိုင်ဖြစ်သူ ဗိုလ်ချုပ်ကြီး Burney က မြန်မာပိုင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၈၃၄ ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာနိုင်ငံသို့ပြန်လည်အပ်နှင်းခဲ့ကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်မှုမှာ (၁၀၁၀)မိုင်ရှည်လျားပြီး (၉၀၇)မိုင်အား နှစ်နိုင်ငံအစိုးရများ အချင်းချင်းတိုင်းထွာသတ်မှတ်ပြီးဖြစ်ပြီး ယခုကဘော်ချိုင့်ဝှမ်းဒေသသည်နယ်နိမိတ်စည်းမျဉ်းတိုင်းထွာ သဘောတူထားပြီးသော ဧရိယာများဖြစ်ကြောင်းနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြား သတ်မှတ်ချက်အနေဖြင့် ၂၀၁၄ ခုနှစ်၊ မေလ(၈)ရက်တွင် ချုပ်ဆိုထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအထက်လွှတ်တော်အမတ် Leishemba Sanajaoba ၏ ယခုကဲ့သို့ အဆိုတင်သွင်း ပြောဆိုမှုများသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအား ပျက်စီးစေနိုင်ခြင်း၊ နှစ်နိုင်ငံပြည်သူများအကြားနှင့် နယ်စပ်ဒေသရှိမျိုးနွယ်စုများအကြား မလိုမုန်းထား ရန်မီးတောက် စေနိုင်ခြင်းနှင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာအား တိုက်ရိုက်ထိပါး စော်ကားရာရောက်ခြင်းတို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် Leishemba Sanajaoba ၏ ကဘော်ချိုင့်ဝှမ်းဒေသနှင့် ပတ်သတ်သော ပြောဆိုတင်သွင်းမှုများအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။     

ကိုးကား-NP News