ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်က မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်ဟု ထရမ့်ပြော
ကာ့စ်ဒေသတွင် ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းဆောင်ရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ငွေကြေးနှင့်စစ်ရေး အကူအညီ အများအပြားကို နှစ်ပေါင်းများစွာကြာအောင် ပေးအပ်ခဲ့သော်လည်း ရုရှားတပ်ဖွဲ့ဝင်များက ကာ့စ်ဒေသတွင် ယူကရိန်းစစ်သည် အမြောက်အမြားအား ဝိုင်းရံပိတ်ဆို့ထားနိုင်ခြင်းသည် ယုံကြည်နိုင်ဖွယ်မရှိဟု ထရမ့်က မတ်လ ၁၄ ရက်တွင် တရားရေးဝန်ကြီးဌာန၌ ပြောကြားသည့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ယခင်အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်အနေဖြင့်လည်း ယူကရိန်းပဋိပက္ခကို စတင်ဖြစ်ပွားစေရန် ခွင့်မပြုသင့်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံအတွင်းရှိ ကာ့စ်ဒေသအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆွစ်ဇာမြို့နှင့် ကျေးရွာအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ရုရှားတပ်ဖွဲ့ဝင်များက မတ်လ ၁၂ ရက်ညနေပိုင်းတွင် အဆိုပါ ကာ့စ်ဒေသရှိ နယ်မြေ ၈၉ ရာခိုင်နှုန်းကို ယူကရိန်းတပ်များထံမှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ယင်းဒေသအတွင်းရှိ ယူကရိန်းတပ်ဖွဲ့ ထောင်ပေါင်းများစွာအား ဝိုင်းရံပိတ်ဆို့ထားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော လက်နက်ခဲယမ်းများအား ယူကရိန်းသို့ ထောက်ပံ့ပေးခဲ့သော်လည်း ယူကရိန်းစစ်သည် အများအပြားအား သီးခြားဖြတ်တောက်၍ ဝိုင်းရံပိတ်ဆို့နိုင်သည့် ရုရှားတပ်ဖွဲ့ဝင်များ၏ စစ်ဆင်နိုင်မှုစွမ်းရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်မှု ရှိသောကြောင့် ယူကရိန်းနိုင်ငံအနေဖြင့် မိမိတို့ထက် အင်အားကြီးမားသည့် နိုင်ငံတစ်နိုင်ငံအား ရမယ်မရှာသင့်ကြောင်း ထရမ့်က ဆက်လက် ပြောကြားထားသည်။
Source: https://myawady.net.mm/