ယီမင်တွင် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၃၁ ဦးအထိ မြင့်တက်လာပြီး အနည်းဆုံး ၁၀၁ ဦးဒဏ်ရာရရှိ
ဆာနား၊ စစ်ရေး
ယီမင်နိုင်ငံတွင် အမေရိကန်စစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၃၁ ဦးအထိမြင့်တက်လာပြီး အနည်းဆုံး ၁၀၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း Al Jazeera သတင်းဌာနက မတ်လ၁၆ ရက်တွင် ဖော်ပြသည်။
အမေရိကန်စစ်ဘက်သည် မြို့တော်ဆာနား၊ နိုင်ငံမြောက်ပိုင်းရှိ ဟူသီသူပုန်အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခုဖြစ်သည့် ဆာဒါးပြည်နယ်ရှိ သူပုန်အဖွဲ့၏ပစ်မှတ်များအပေါ် အဓိကထားသည့် လေကြောင်းမှတိုက်ခိုက်မှုများကို မတ်လ ၁၅ ရက် ညပိုင်းမှစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်သည်ဟုမျှော်လင့်ရကြောင်း သိရသည်။
အမေရိကန်တို့သည် ဆာနားမြို့တော်အတွင်းလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဟူသီသူပုန်အဖွဲ့က ထိန်းချုပ်ထားသည့် ရုပ်သံထုတ်လွှင့်ရေးစခန်းအနီးရှိ ခဲယမ်းနှင့်ဒုံးပျံသိုလှောင်ရုံများကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယီမင်နိုင်ငံတွင်လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများသည် အမေရိကန်ကုန်တင်သင်္ဘောများ၊ ဝေဟင်နှင့်ရေပြင်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် လွတ်လပ်သည့် ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ရန်တို့အတွက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဆိုရှယ်ဝက်ဆိုက်ပေါ်တွင်ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။
Ref: Xinhua
Source: https://myawady.net.mm/