ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန် ရုရှားကို G7 အဖွဲ့ သတိပေး
ယူကရိန်းနှင့်အပစ်အခတ်ရပ်စဲရေးကို လက်မခံပါက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်များ ချမှတ်သွားမည်ဟု G7 အဖွဲ့က သတိပေး ပြောဆိုခဲ့ပါသည်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့ပါဝင်သော G7 အဖွဲ့သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြားကို ချမှတ်ခဲ့ကြခြင်းလည်းဖြစ်သည်။ ထုတ်ပြန်ချက်၌ “ယူကရိန်းက လက်ခံထားသည့် အမေရိကန် ဦးဆောင်သော ရက်ပေါင်း (၃၀) ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို G7 အဖွဲ့က ထောက်ခံပြီး အပစ်အခတ်ရပ်စဲရေးကို တန်းတူညီမျှသည့် စည်းကမ်းချက်များနှင့်အတူ အပြည့်အဝအကောင်အထည်ဖော်ရန် ရုရှား ကို မိမိတို့တောင်းဆိုပါသည်” ဟု ရေးသားဖော်ပြထားပါသည်။
ထို့အပြင် ရုရှားအနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မခံပါက ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် G7 အဖွဲ့က ဆွေးနွေးခဲ့ကြောင်းလည်း သိရပါသည်။ နောက်ထပ် ပိတ်ဆို့ အရေးယူမှုများတွင် ရေနံဈေးနှုန်းများကိုကန့်သတ်ခြင်းနှင့် ရုရှား၏ ပိုင်ဆိုင်မှုများကိုအသုံးပြုပြီး ယူကရိန်းအတွက် နောက်ထပ် ထောက်ပံ့ပေးမှုများ လုပ်ဆောင်ပေးခြင်းများ ပါဝင်သည်ဟု သိရပါသည်။
ယူကရိန်းနှင့်ရက်ပေါင်း (၃၀) ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရန်နှင့်ပတ်သက်၍ လိုချင်သည့် အာမခံချက်များကို ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် G7 အဖွဲ့၏ သတိပေးမှုထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ကိုးကား-NP News