ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန် သံတမန်က အဆိုပြုချက်တစ်ရပ်တင်ပြ
ဂါဇာကမ်းမြောင်၌ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းနိုင်ရေး အချိန်ရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက် ဝန်းကျင်အထိ သက်တမ်းတိုးနိုင်ရေးအဆိုပြုချက်ကို အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန်က တင်ပြခဲ့ပါသည်။
အစ္စရေးနှင့်ဟားမက်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ဒုတိယအဆင့်အတွက် သဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်ပြီး ပထမ အဆင့်သည် မတ်လ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။
အမေရိကန် အထူးသံတမန် Steve Witkoff ၏ ရုံးနှင့် အမျိုးသား လုံခြုံရေးကောင်စီတို့က မတ်လ ၁၄ ရက်(သောကြာ)နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာ၌ တင်ပြခဲ့သော အဆိုပြုချက်တွင် Ramadan ကာလနှင့်ပသခါပွဲ နေ့ရက် ကျော်လွန်သည်အထိ ဂါဇာ တွင် အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန်၊ ယခင်သဘောတူညီချက်နှင့်အညီ အသက်ရှင်နေသည့် ဓားစာခံများကို ဟားမက်က လွှတ်ပေးရန် နှင့် ဂါဇာကမ်းမြောင်ဒေသခံများအတွက် အရေးပါသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့နိုင်ရေး ပြန်လည် စတင်နိုင်ရန် အချက်များပါဝင်သည်။
“ဟားမက်အနေဖြင့် ပျော့ပြောင်းမှုရှိကြောင်း လူသိရှင်ကြား ပြောဆိုနေသော်လည်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေးအတွက် အကောင်အထည်ဖော်ရန် လုံးဝလက်တွေ့မကျသည့် တောင်းဆိုမှုများကိုရွေး ချယ်ခဲ့သည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
“ဟားမက်သည် နောက်ဆုံးသတ်မှတ်ရက်ကို ကောင်းစွာသိရှိထားကြောင်း နှင့် ယင်းသတ်မှတ်ရက်ကျော်လွန်ပါက လိုအပ်သလိုတုံ့ပြန်မည်ကို သိထား သင့်သည်” ဟုလည်း ကြေညာချက်၌ ပါဝင်သည်။
အမေရိကန်လူမျိုး အစ္စရေးစစ်သားတစ်ဦးနှင့် အခြားဓားစာခံ ၄ ဦး၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးရန် ဟားမက်ဘက်က မတ်လ ၁၄ ရက် တွင် ကမ်းလှမ်းခဲ့ပြီး မည်သည့်အချိန်၌ လုပ်ဆောင်မည်ဟူသည့် အချက် အပါအဝင် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။ မစ္စတာ Witkoff က အဆိုပါစစ်သားကို ချက်ချင်း လွှဲပြောင်း ပေးရန် ဟားမက်ကို တောင်းဆိုခဲ့ပါသည်။
ဒုတိယအဆင့်အနေဖြင့် ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့ဝင်များ အပြီးအပိုင် ဆုတ်ခွာရန်နှင့် တိုက်ပွဲများ အပြီးတိုင်အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂