ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် အကြောင်းသိလာသော ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှု အထိဖြစ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
PDF အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ထားဝယ်မြို့နယ် အတွင်း ကျေးရွာများမှ ဒေသခံများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အတွက် ဒေသခံများနှင့် PDF လက်နက်ကိုင်တို့အကြား တင်းမာမှုများ ရှိလာ နေကြောင်း အဆိုပါဒေသခံကဆိုသည်။ လက်ရှိတွင် နယ်မြေ မငြိမ်မသက် မှုများကြောင့် ဒေသခံသောင်းနှင့်ချီကာ ထားဝယ်မြို့ပေါ်သို့နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်နေရကြောင်း သိရသည်။
“အဓိကတော့ ရွာသားတွေလည်း တော်တော်လေးသိလာကြပြီ ဖြစ်ကြောင်း၊ PDF လက်နက်ကိုင်များပေါ်လာသည့် အခါကျတော့မှ နေစရာမရှိ၊ စားစရာ မရှိ ဖြစ်ရကြောင်း၊ နောက်တစ်ချက်က PDF တွေက ရန်တောင်ရွာက ရွာသားများကိုမကျေနပ်ဟုဆိုပြီး ရန်တောင်ရွာမှာ စစ်ကြောင်း ရောက်နေ ချိန်မှာ Drop ဗုံးလာချကြောင်း၊ အဲဒီမှာ ရွာသားများက ၎င်းတို့အား ပြောသည်မှာ “မင်းတို့ကောင်တွေ နန့်နန့် လာလုပ်နေသောကြောင့် စစ်ကြောင်းလာထိုးရင် တိုက်ပွဲဖြစ်ပြီး ရွာပျောက်မည်” ဟု ပြောကြား သည်ကို PDF များက ဘာပြောလဲဆိုပါက “ငါတို့ရွာတောင် ပြေးနေ ရကြောင်း၊ မင်းတို့ရွာတွေက မပြေးရတော့ မကျေနပ်ကြောင်း၊ မင်းတို့ ရွာလည်း မပြေး ပြေးရအောင် PDF တို့က လုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွာသားတွေလည်း PDF တွေကို မကျေနပ်တော့ကြကြောင်း” အဆိုပါဒေသခံက ပြောသည်။
ထို့အပြင် ဒေသခံထောက်ခံမှုအားနည်းလာသည့် ထားဝယ်ဒေသရှိ PDF လက်နက်ကိုင်များသည် လက်ရှိကာလတွင် အနေအစားကျပ်တည်း ခက်ခဲလာပြီဖြစ်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“အရင်တုန်းကထောက်ခံသည့် ရွာသားတွေလည်းမထောက်ခံတော့ဘူး။ မြင်နေရတာလည်းရှိတယ်။ လိုင်းပေါ်မှာထောက်ပို့အကြီးစားကြီး တစ်ယောက် တောင်မှ ဆီအုန်းတောထဲမှာထအော်နေပြီ။ ဘယ်သူမှမထောက်ပံ့တော့ဘူးဆိုပြီး။ စီးပွားရေးဘက်လိုက်သည့်ကောင်တွေကတော့ အဆင်ပြေ တာပေါ့။ အဲဒီဘက်မလိုက်သည့်ကောင်တွေကတော့ ကျပ်တည်းတာပေါ့။ နောက်ပိုင်း စားခွက်ပျောက်သည့်အနေအထားထိဖြစ်လာလိမ့်မယ်" ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ထားဝယ်ဒေသတွင် ကော်လဖိုးဦး ဦးဆောင်သည့် KNU တပ်မဟာ (၄) ခွဲထွက်အဖွဲ့အပါ အဝင် PDF အဖွဲ့ပေါင်း (၂၀) ထက်မနည်းရှိနေပြီး နိုင်ငံတော်ပိုင် သဘာဝတွင်းထွက်များကို လက်ဝါးကြီးအုပ်ကာ စီးပွားရှာ နေသောအဖွဲ့များလည်း များစွာရှိနေကြောင်းသိရသည်။
ကိုးကား-NP News