ပြင်သစ်က နျူကလီးယားလက်နက်တပ်ဆင်ထားသော လေယာဉ်များကို ဂျာမနီနယ်စပ်၌ ဖြန့်ကြက်ချထားမည်
ပြင်သစ်သမ္မတ မက်ခရွန်က ဂျာမနီနယ်စပ်တစ်လျှောက်ရှိ ၎င်း၏ အဓိက လေတပ်စခန်းများထဲမှတစ်ခုကို နျူကလီးယား ခရူးဇ်ဒုံးကျည်များ တပ်ဆင်ထားသော Rafale တိုက်လေယာဉ်များ ဖြန့်ကြက်ချထားနိုင်ရန် အဆင့်မြှင့်တင်မည်ဟု မတ်လ ၁၈ ရက်နေ့တွင်ပြောကြားခဲ့သည်။
ပြင်သစ်အရှေ့ပိုင်းရှိ Luxeuil-Saint-Sauveur အခြေစိုက်စခန်းတွင် လေယာဉ်များကို အခြားနေရာသို့မပြောင်းရွှေ့မီ ၂၀၁၁ ခုနှစ်အထိ နျူကလီးယားလက်နက်များကို ဖြန့်ကြက်ချထားခဲ့သည်။
“Luxeuil လေတပ်စခန်းကို အဆင့်မြှင့်တင်ပြီး ပြင်သစ်၏ နျူကလီးယား ဟန့်တားမှုအစီအစဉ်တွင် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်ပါဝင်စေမည်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
“၂၀၃၅ ခုနှစ်မတိုင်မီတွင် Luxeuil သည် Rafale တိုက်လေယာဉ် မျိုးဆက်သစ်နှင့် ၎င်း၏ hypersonic နျူကလီးယား ဒုံးကျည်များကို လက်ခံသည့် ပထမဆုံးစခန်း ဖြစ်လာမည်” ဟု သမ္မတက ကြေညာခဲ့သည်။ Rafale တပ်ခွဲနှစ်ခုအား တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ပြီး စခန်းသည် စစ်ဘက်ဆိုင်ရာနှင့်အရပ်ဘက် ဝန်ထမ်းပေါင်း ၂,၀၀၀ နီးပါးအထိ နှစ်ဆ တိုးလာမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရသည် စခန်းကို ခေတ်မီတိုးတက်စေရန်နှင့် Rafale မှာယူမှုများကို အရှိန်မြှင့်ရန် ယူရို ၁.၅ ဘီလီယံ (ဒေါ်လာ ၁.၆၄ ဘီလီယံ) သုံးစွဲမည်ဟု ဆိုသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂