Trump အစိုးရအဖွဲ့က JFK လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများကို ထုတ်ပြန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒါလပ်စ်မြို့၌ လုပ်ကြံခံခဲ့ရသော အမေရိကန် သမ္မတဟောင်း John F. Kennedy လုပ်ကြံခံရမှုနှင့် သက်ဆိုင်သည့် စာမျက်နှာထောင်ချီပါရှိသည့် အစိုးရမှတ်တမ်းများကို ထုတ်ပြန်လိုက်သည်။
National Archives က မတ်လ ၁၈ ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်၌ စာမျက်နှာ ၆၃,၀၀၀ ခန့်ကို နှစ်ကြိမ်ခွဲ၍ လွှင့်တင်ဖော်ပြခဲ့ပြီး ဒစ်ဂျစ်တယ် စနစ်ပြောင်းပြီးပါက ပိုမိုများပြားသော မှတ်တမ်းများကို ထုတ်ပြန်ရန် မျှော်လင့်ထားသည်။
“သမ္မတ John F. Kennedy လုပ်ကြံခံရမှုဆိုင်ရာ မှတ်တမ်းများထဲတွင် ယခင်က လုံခြုံရေးအဆင့်သတ်မှတ်ချက်အရ ထိန်းချုပ်ထားသော မှတ်တမ်း အားလုံးကို ထုတ်ပြန်လိုက်သည်” ဟု ၎င်းက ဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် မကြာမီ ထရမ့်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း John F. Kennedy၊ ဆီနိတ်လွှတ်တော်အမတ် Robert F. Kennedy နှင့် အရပ်ဘက် လူ့အခွင့်အရေးလှုပ်ရှားသူ Martin Luther King Jr. တို့ လုပ်ကြံခံခဲ့ရသည့် အစိုးရမှတ်တမ်းများကို လုံခြုံရေးအဆင့်သတ်မှတ်ချက် ပယ်ဖျက်ရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂