ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိ
၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင်(ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့ ငါးဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX မော်တော်ယာဉ် တစ်စီး၊ TOYOTA LAND CRUISER မော်တော်ယာဉ် တစ်စီးနှင့် MERCEDES BENZ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များအား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း၏အစီအမံဖြင့် သန်းလွင်မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင်ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရန်ကုန်မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို (ခ)ထင်လင်းပြည့်အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့်ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
သတင်းကွင်းဆက်အရ ည ၉ နာရီ ၃၀ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင်လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါစိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲသူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး ရွှေကောင်းသာစက်လှေပိုင်ရှင် မသီတာမြင့်တို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာစက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာစက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာစက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင်နှင့် ဇော်ဇော်အောင်တို့အား ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာစက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း။
AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး မသီတာမြင့်တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm