အမေရိကန်က ယီမင်မြို့တော်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်
မတ်လ ၁၉ ရက်ရက်နေ့တွင် အမေရိကန်စစ်တပ်သည် ယီမင်နိုင်ငံ Sanaa မြို့ရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့ပိုင် Al Masirah တီဗီချန်နယ်က ထုတ်ပြန်ပြောကြား ခဲ့ပါသည်။ ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင် အဖွဲ့၏ပစ်မှတ်ထား တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ တိုက်ခိုက်မှုများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါသည်။
အမေရိကန်၏တိုက်ခိုက်မှုများသည် Sanaa မြို့ရှိ လူနေရပ်ကွက်တစ်ခု ကိုလည်း ထိမှန်ခဲ့ကာ အနည်းဆုံးလူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အမေရိကန်သည် ယီမင်နိုင်ငံ တောင်ပိုင်း al-Bayda ပြည်နယ်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ဘက် ဆိုင်ရာနေရာများနှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါသည်။
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ပစ်မှတ်များကို လွန်ခဲ့သော ရက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလူ ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ဟူသီ လက်နက်ကိုင်အဖွဲ့အပေါ် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏အကြီးမားဆုံး စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။
ကိုးကား-NP News