အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးနေကြောင်း ရုရှားသမ္မတ ပြောကြား
အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများ မဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက် တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ်“စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များအဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။ အခြေအနေ မည်သို့ပင် ဖြစ်လာပြီး နိုင်ငံတကာဆက်ဆံရေး မည်သို့ပင် ပြောင်းလဲလာစေကာမူ ရုရှား၏ ပြိုင်ဖက်များအားလုံးက ရုရှား၏ စီးပွားရေးနှင့် နည်းပညာစွမ်းရည်များကို တားဆီးရန် မျှော်လင့်ကြသည်ဟု ပူတင်က ပြောကြားခဲ့သည်။ ပူတင်က ရုရှားနိုင်ငံစီးပွားရေးအခြေအနေကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ရုရှား စီးပွားရေး အေးစက် လာမှုသည် ရှောင်လွှဲ၍မရသော်လည်း စီးပွားရေး တိုးတက်မှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အလုပ်အကိုင်မဲ့နှုန်းနည်းပါးမှုကို ထိန်းသိမ်းထားရန် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး အစီအမံများ ချမှတ်ရန်လည်း ပူတင်က ညွှန်ကြားခဲ့သည်။
ကိုးကား -ဆင်ဟွာ