ဗြိတိန်က ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန် ပြင်ဆင်ထားဟုဆို
လန်ဒန်၊ စစ်ရေး
ရုရှားနှင့်အမေရိကန်တို့ကြား ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်ပြီးနောက် ဗြိတိန်နိုင်ငံက ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့စေလွှတ်ရန် အသင့်အနေ အထားပြင်ဆင်ထားကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်အရ ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေးပြင်ဆင်ထားရန် ဗြိတိန်စစ်ရေးဆိုင်ရာ စီမံကိန်းချမှတ်ရေးတပ်ဖွဲ့ဌာနချုပ်က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။
ဗြိတိန်စစ်ရေးဆိုင်ရာ စီမံကိန်းချမှတ်ရေး တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားချက်အရ ယူကရိန်းသို့ ဗြိတိန်အထူးတပ်ဖွဲ့မှ အရန်တပ်ဖွဲ့ဝင်များအား စေလွှတ်မည်ဖြစ်ကြောင်း လန်ဒန်မြို့မှ ထုတ်ဝေသည့် i paper ၏ဖော်ပြချက်အရ သိရသည်။
ဗြိတိန်နိုင်ငံသည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ စစ်ဘက်အကြီးအကဲများ၏ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန် ပြင်ဆင်နေစဉ် ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေး ပြင်ဆင်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်အထူးတပ်ဖွဲ့ဝင်များသည် အစဉ်အလာအရဖြစ်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့မဟုတ်ဘဲ စစ်မြေပြင်တွင် အလျင်အမြန်ဖြန့်ကြက်နိုင်စွမ်း ရှိသည့်အပြင် ၎င်းတပ်ဖွဲ့များ၏ ထောက်လှမ်းရေးနှင့် ကင်းထောက်မှုတို့တွင် ကျွမ်းကျင်မှုများကြောင့် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ တပ်မတော်များအား ဦးဆောင်နိုင်သည့် စွမ်းရည်ကိုပိုင်ဆိုင်ထားသည့် တပ်ဖွဲ့များ ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြားထားသည်။
Source: https://myawady.net.mm/