ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်အေးနေ
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၃၀၄၉) ဒေါ်လာအထိပေါက်ဈေး မြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းအားကျဆင်းပြီး ဈေးနှုန်း အပြောင်းအလဲ နည်းပါးနေကြောင်းဈေးကွက်အတွင်းမှသိရသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေးအတွင်း ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်၊ နံနက်ပိုင်းတွင် တစ်အောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ယင်းဈေးနှုန်းသည် သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။“ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ဒေါ်လာ ၂၆၀၀ မှ သုံးလအတွင်း ၃၀၅၀ ခန့်ဖြစ်လာကြောင်း၊ အမေရိကန်အစိုးရ၏ သွင်းကုန်အခွန် သတ်မှတ်ချက် တိုးမြှင့်ကောက်ခံမှု၊ ကုန်သွယ်စစ်ပွဲအလားအလာ၊ ပထဝီနိုင်ငံရေးမတည်ငြိမ်မှု စသည့် အခြေအနေအကြောင်းတရား အရပ်ရပ်များကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာခြင်းဖြစ်ကြောင်း၊ ဈေးကွက် အတက်အားရှိနေသော်လည်း တစ်အောင်စ ဒေါ်လာ ၃၀၂၄ ဈေးတန်းအောက် breakout လုပ်နိုင်ပါက အဝယ်များ သတိထားရန် လိုအပ်ကြောင်း” ရွှေဈေးကွက် ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ပြင်ပအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇သိန်းရှစ်သောင်းကျပ် ဝန်းကျင်ကိုရောက်ရှိနေကြောင်းသိရသည်။
ယခုတစ်ပတ် ဈေးကွက်ဖွင့်ရက်ဖြစ်သည့် မတ် ၁၇ ရက်နေ့ (တနင်္လာနေ့) တွင် အခေါက်ရွှေ တစ်ကျပ်သား ခြောက်ဆယ့်ခြောက်သိန်းရှစ်သောင်းဖြင့် ဈေးဖွင့်ခဲ့ခြင်းဖြစ်ပြီး လေးရက်အတွင်း ကျပ်တစ်သိန်းဝန်းကျင် မြင့်တက် လာကြောင်းသိရသည်။
ရွှေလုပ်ငန်းရှင်များပြောကြားချက်အရ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အမေရိကန်ဒေါ်လာဈေးအကျဘက်မှာ ရှိနေသောကြောင့် ထင်သလောက် ဈေးမြင့်တက်မှုမရှိကြောင်း ပြောဆိုနေ ကြသည်။ လက်ရှိတွင် ရွှေဈေးကွက်အတွင်း ရွှေအတုံးအခဲလိုက် အရောင်းအဝယ်မရှိသလောက် နည်းပါးကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ကိုးကား-NP News