အမေရိကန်၏ Cloud ဝန်ဆောင်မှုနည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နယ်သာလန် အောက်လွှတ်တော် တိုက်တွန်း
သည်ဟိတ်၊ မတ် ၂၀ ရက်
နယ်သာလန်အောက်လွှတ်တော်က မတ် ၁၉ ရက်တွင် အဆိုပြုချက်များစွာကို အတည်ပြုခဲ့ပြီး နယ်သာလန် အစိုးရအား အမေရိကန် Cloud ဝန်ဆောင်မှုနည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချရန်၊ တစ်ချိန်တည်းမှာပင် နယ်သာလန်နှင့် ဥရောပတို့အပေါ် အစားထိုး နည်းလမ်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်း ခဲ့သည်။
အဆိုပါ အဆိုပြုချက်များကို နယ်သာလန်အောက်လွှတ်တော်ရှိ အာဏာရပါတီအနည်းငယ်နှင့် အတိုက်အခံပါတီတို့မှ အသီးသီး တင်ပြခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ် အထူးသဖြင့် Cloud နည်းပညာကဏ္ဍတွင် နယ်သာလန်အစိုးရသည် လက်ရှိ၌ အမေရိကန်ကုမ္ပဏီကြီး အနည်းငယ်အပေါ် တစ်ဖက်သတ် မှီခိုအားထားနေရပြီး ယင်းအခြေအနေသည် အန္တရာယ်များ ဆောင်ကြဉ်းပေးနိုင်ကြောင်း နယ်သာလန် အာဏာရပါတီများ အနက် တစ်ခု ဖြစ်သော Nieuw Social Contract (NSC) ပါတီက အဆိုပြုချက်တွင် ထောက်ပြခဲ့သည်။ ယင်းအဆိုပြုချက်က အမေရိကန်ကုမ္ပဏီများအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နယ်သာလန်အစိုးရအား နယ်သာလန်ပြည်တွင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် ဥရောပနယ်ပယ်အတွင်းရှိ Cloud ဝန်ဆောင်မှုများ ပြောင်းလဲ အသုံးပြုရန် တိုက်တွန်းခဲ့သည်။
အမေရိကန်၏ Cloud ဝန်ဆောင်မှုပေးသူများက ဥရောပဈေးကွက်တွင် ဦးဆောင်ကြီးစိုးနိုင်သည့် အနေအထားရှိပြီး အမေရိကန်၏ “ပြည်ပတွင်ဒေတာတရားဝင်သုံးစွဲမှုရှင်းလင်းရေးဥပဒေ” ကဲ့သို့သော ဥပဒေများက ဥရောပ နိုင်ငံသားများ၊ ကုမ္ပဏီလုပ်ငန်းနှင့် အစိုးရဒေတာများကို အမေရိကန်အစိုးရ ရရှိရန် ဖြစ်နိုင်ခြေရှိကြောင်း၊ ထို့ကြောင့် ဥရောပ အနေဖြင့် မဟာဗျူဟာမြောက် ဒစ်ဂျစ်တယ်အဆင့်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် စီးပွားရေး၊ နည်းပညာနှင့် နိုင်ငံ့ လုံခြုံရေးအတွက်ပါ လွန်စွာအရေးကြီးကြောင်း နယ်သာလန်အတိုက်အခံပါတီက ဥရောပပါတီ၏ အဆိုပြုချက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်က ဥရောပ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်အတူ အမေရိကန် Cloud ဝန်ဆောင်မှုပေးသူများအား အစားထိုးမည့်နည်းလမ်းကို အတူရှာဖွေပြီး ဥရောပ Cloud အစားထိုးနည်လမ်းနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင်ရန် တောင်းဆိုထားသည်။
နယ်သာလန်နှင့် ဥရောပတို့သည် စွမ်းအင်၊ ကာကွယ်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနယ်ပယ်များတွင် ကိုယ်တိုင်ရပ်တည်ရေးလမ်းကြောင်းသို့ မဖြစ်မနေသွားရမည်ကို အမေရိကန်အစိုးရ၏ လက်ရှိလုပ်ဆောင်မှုများက ပြသနေကြောင်း အခြားသော အတိုက်အခံပါတီတစ်ခုဖြစ်သော Democrats 66 ပါတီ၏ အဆိုပြုချက်တွင် ပြောကြားထားသည်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးများအပေါ် မှီခိုအားထားမှုသည် နယ်သာလန်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေမည်ဟု အတိုက်အခံပါတီရှိ GL-PvdA ပါတီကလည်း အဆိုပြုချက်တွင် အလေးအနက်ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ