အစ္စရေးလေဆိပ်နှင့် အမေရိကန် လေယာဉ်တင်သင်္ဘောအဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း ယီမင်ဟူသီ လက်နက်ကိုင်များ ကြေညာ
ကူဝိတ်စီးတီး၊ မတ် ၂၀ ရက်
ယီမင်ဟူသီလက်နက်ကိုင်များက မတ် ၂၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပင်လယ်နီ တောင်ပိုင်း ရေပြင်ရှိ အမေရိကန်ရေတပ် “USS Harry S. Truman” လေယာဉ်တင် သင်္ဘောနှင့် ၎င်း၏ ရေယာဉ်စုကို တိုက်ခိုက်ခဲ့ကြောင်း ဆန်နားသတင်းအရ သိရသည်။
ဟူသီလက်နက်ကိုင်များက မတ် ၂၀ ရက်တွင် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်ကို “ပါလက်စတိုင်း ၂” အမျိုးအစား ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း၊ ထို့အပြင် ဟူသီလက်နက်ကိုင်များက အမေရိကန်ရေတပ် “USS Harry S. Truman” လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏ ရေယာဉ်စုကိုလည်း တိုက်ခိုက်ခဲ့သေးကြောင်း ယီမင်ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသော Al-Masirah ရုပ်သံလိုင်းက အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။
အထက်ဖော်ပြပါ တန်ပြန်တိုက်ခိုက်မှုများသည် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ လတ်တလော ဗုံးကြဲတိုက်ခိုက်မှုနှင့် အမေရိကန်စစ်တပ်၏ ယီမင်နိုင်ငံ ဆန်နားပြည်နယ် နေရာအများအပြားအပေါ် တိုက်ခိုက်မှုများကို တုံ့ပြန်ရန်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်များက ပြောကြားခဲ့သည်။
အစ္စရေးအလယ်ပိုင်း နေရာအများအပြား၌ မတ် ၂၀ ရက် နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်အသံများ မြည်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ယီမင်ဘက်က ပစ်လွှတ်ခဲ့သော ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုခဲ့သည်။ ထို့အပြင် လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရသူ မရှိသေးကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာန၏ သတင်းအရ သိရသည်။
အမေရိကန်စစ်တပ်ဘက်ကမူ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ