စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အဦများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရုရှားပြော
ရုရှား၏စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အဦများအပေါ်တိုက်ခိုက်မှုသည် ရက်ပေါင်း ၃၀ အပစ်ရပ်ရေး အဆိုပြုချက်ကို ယူကရိန်းဘက်က စတင်ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့ တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ယခုလုပ်ရပ်နှင့်ပတ်သက်၍ ယူကရိန်းအား တာဝန်ယူမှုရှိအောင် ထိန်းချုပ်ဆောင်ရွက်ရန်မှာ ယာယီ အပစ်ရပ်ရန် အဆိုပြုချက်အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်၌ တာဝန်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က Channel One သတင်းဌာနသို့ ပြောကြားခဲ့သည်။
ယူကရိန်းဘက်ကလည်း “ရုရှားအနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း” ပြန်လည် စွပ်စွဲခဲ့သည့်အပြင် ပူတင်နှင့် ထရမ့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီး နာရီပိုင်းအကြာတွင် “ရုရှားက Sumy မြို့ရှိ ဆေးရုံတစ်ခု အပါအဝင် အရပ်ဘက်အဆောက်အဦများကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း” ဇီလန်စကီးက တုံ့ပြန် ပြောကြားခဲ့ပါသည်။
ထို့အပြင် ရုရှားတပ်ဖွဲ့များက မတ်လ ၂၀ ရက်နှောင်းပိုင်းတွင် ယူကရိန်းရှိ Odesa မြို့သို့ ပြင်းထန်သည့် ဒရုန်း တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် လူ(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦ (၁)လုံးနှင့် ဈေးဝယ်စင်တာ(၁)ခုကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း Odesa မြို့တော်ဝန်က ပြောကြားခဲ့မှုကို XINHUA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-ဆင်ဟွာ
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)