ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့်သေချာဟု အမေရိကန် သံတမန်ပြော

News Image

  • ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့်သေချာဟု အမေရိကန် သံတမန်ပြော

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများကို တိုက်ခိုက်မည် မဟုတ်သည်မှာ ရာနှုန်းပြည့် သေချာကြောင်း   အမေရိကန်အထူးသံတမန် စတိဝှစ်ကော့က ပြောကြားလိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံက အခြားဥရောပနိုင်ငံများသို့  ကျူးကျော်တိုက်ခိုက်မည် ဟူသော ပြောဆိုချက်များသည် ရယ်ဖွယ်ကောင်းပြီး ယုတ္တိမရှိသော ပြောဆိုမှုများသာဖြစ်ကြောင်း ဝှစ်ကော့က အမေရိကန်သတင်းထောက်တစ်ဦးဖြစ်သူ တပ်ကာ ကာလ်ဆန်နှင့် မတ်လ ၂၁ ရက်တွင်  ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား   သိမ်းပိုက်လိုခြင်း မရှိကြောင်း၊ အကြောင်းမှာ ယူကရိန်းအား သိမ်းပိုက်ခြင်းသည် အစ္စရေးက ဂါဇာကမ်းမြောင် ဒေသအား သိမ်းပိုက်ခြင်းကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့သော် ယူကရိန်းပဋိပက္ခဖြစ်ပွားစဉ် အတွင်း နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတချို့က   ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား မကြာမီနှစ်များအတွင်း တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု ပြောဆိုလျက်ရှိကြောင်း၊ ၎င်းနိုင်ငံများ၏ ပြောဆိုချက်များသည်  ယုတ္တိမရှိသည့်ပြောဆိုမှုများသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ   အထူးသံတမန် ဝှစ်ကော့က ဆက်လက်ပြောကြားထားသည်။

ထို့အတူ ယူကရိန်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မကြာမီချမှတ်နိုင်မည်ဖြစ်ပြီး ထိုသို့ သဘောတူညီချက်ချမှတ်ပြီးသည်နှင့်တစ်ပြိုင်နက် အမေရိကန်အစိုးရက ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုပြုလုပ်သည့် ဝှစ်ကော့၏ တွေ့ဆုံမေးမြန်းခန်းသည် ၎င်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယခုလအစောပိုင်းက တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။  

Source: https://myawady.net.mm/