ရုရှားနိုင်ငံအပေါ် အီးယူကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေလျက်ရှိဟုဆို
ရုရှားနိုင်ငံအပေါ် အီးယူအဖွဲ့က ချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများသည် တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာပြီး ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ဓားဖြင့်ထိုးသကဲ့သို့ ထိခိုက်စေလျက်ရှိသည်ဟု ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောကြားလိုက်သည်။
ယူကရိန်းပဋိပက္ခအား အဆုံးသတ်စေရန်နှင့် ရုရှားစီးပွားရေး တည်ငြိမ်မှုပျက်ပြားစေရန် အဓိကပစ်မှတ်ထား လုပ်ဆောင်သည့် အီးယူအဖွဲ့၏ ကန့်သတ်မှုများသည် အောင်မြင်မှုမရှိကြောင်း ဆစ်ဂျာတိုက RT သတင်းဌာနနှင့် မတ်လ ၂၂ ရက်တွင် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။
အီးယူအဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ရုရှားနိုင်ငံအပေါ် အဓိကပစ်မှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု ၁၆ ခု ချမှတ်ထားခဲ့ပြီး ကနဦးတွင် အီးယူ၏ အဆိုပါလုပ်ဆောင်ချက်ကို ဟန်ဂေရီနိုင်ငံကထောက်ခံခဲ့သည်။ သို့သော် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းနှင့် နျူကလီးယားကဏ္ဍအပေါ် အီးယူက ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ဟန်ဂေရီနိုင်ငံအပေါ် စီးပွားရေးအရ ထိခိုက်လာခြင်းကြောင့် ဟန်ဂေရီအစိုးရက အီးယူ၏ပိတ်ဆို့မှုများကို ကန့်ကွက်လာခြင်းဖြစ်သည်။
အီးယူ၏ ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေး အားချည့်နဲ့စေခြင်းမရှိသည့်အပြင် ယခုအခါယူကရိန်းပဋိပက္ခကို အဆုံးသတ်စေရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ထိုသို့ နီးစပ်လာခြင်းမှာလည်း အီးယူ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် မဟုတ်ကြောင်း ဆစ်ဂျာတိုက ဆက်လက်ပြောကြားထားသည်။
Source: https://myawady.net.mm/'