Tesla ကုမ္ပဏီအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့သူများ အယ်လ်ဆာဗေဒေါရှိ အကျဉ်းထောင်တွင် နှစ် ၂၀ အထိ ချမှတ်ရန် မျှော်လင့်ဟု ထရမ့်ပြော
အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ Tesla ကုမ္ပဏီပိုင် အဆောက်အအုံများစွာအပေါ် အဓိကပစ်မှတ်ထား လုပ်ဆောင်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျဉ်းထောင်သို့ ပို့ဆောင်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ရန် မျှော်လင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း သိရသည်။
မကြာသေးမီက နိုင်ငံအတွင်းရှိ Tesla ကုမ္ပဏီပိုင်ကား အရောင်းပြခန်း၊ အားသွင်းရုံများအား မီးလောင်ဗုံးများကို အသုံးပြု၍ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထရမ့်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန် အာဏာပိုင်အဖွဲ့သည် Tesla ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအပေါ် တိုက်ခိုက်ခဲ့သူ ၃ ဦးအနက် ၂ ဦးအား အော်ရီဂွန်ပြည်နယ် ဆာလင်မြို့၊ ကော်လိုရာဒိုပြည်နယ် လက်ဗ်လန်းမြို့နှင့် ကျန်တစ်ဦးကို တောင်ကာရိုလိုင်းနားပြည်နယ် ချားလက်စတန် မြို့တို့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား အမေရိကန်ရှေ့နေချုပ် ပမ်းဘွန်ဒီက မီးရှို့ဖျက်ဆီးမှုနှင့် ပြည်တွင်းအကြမ်းဖက်မှု တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးခံရသူများအနက် တစ်ဦးမှာဖမ်းဆီးခံရချိန်တွင် AR- 15 အမျိုးအစား ရိုင်ဖယ်တစ်လက်ကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း သိရသည်။
ထို့အတူ ဖမ်းဆီးခံရသူ အခြားတစ်ဦးသည် Tesla ကုမ္ပဏီပိုင် အားသွင်းရုံများ အနီးတွင် သမ္မတထရမ့်အား ဆန့်ကျင်သည့်စာသားများကို ရေးသားခဲ့သည့်အပြင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကိုလည်း အဓိကပစ်မှတ်ထား၍ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သောကြောင့် ထိုသို့သော လုပ်ဆောင်ချက်မျိုးသည် သည်းခံနိုင်ဖွယ် မရှိကြောင်း ရှေ့နေချုပ်ပမ်းဘွန်ဒီက ဆက်လက် ပြောကြားသည်။
ထို့ကြောင့် ဤသို့သော အကြမ်းဖက်မှုမျိုးကို ကျူးလွန်ခဲ့သူများအား အယ်လ်ဆာဗေဒေါရှိ အကျဉ်းထောင်တွင် ထောင်ဒဏ်နှစ် ၂၀ အထိချမှတ်ရန် မျှော်လင့်ထားသည်ဟု ထရမ့်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/