နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား အမေရိကန် က နှစ်လအချိန်ပေးထားဟု CNN သတင်းဌာန ပြောကြား

News Image

  • နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား အမေရိကန် က နှစ်လအချိန်ပေးထားဟု CNN သတင်းဌာန ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ ပေးပို့ခဲ့သည့် စာတစ်စောင်၌ နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား နှစ်လ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းစာတွင် ပါဝင်သော အကြောင်းအရာများကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မတ် ၁၉ ရက်၌ ဖော်ပြခဲ့သည်။

နျူကလီးယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသည့် စာတစ်စောင်ကို အီရန် ခေါင်းဆောင်ပိုင်းထံ ပေးပို့ထားသည်ဟု မတ်လအစောပိုင်းတွင် ထရမ့်က Fox Business Network သတင်းဌာနကို ပြောကြား ခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော်၌ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“အီရန်နှင့် မကြာခင်မှာ ဖြစ်လာနိုင်သည့် အခြေအနေတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “တခြားတစ်ခုခုထက် ငြိမ်းချမ်းရေးသဘောတူညီမှုရသည်ကိုသာ မြင်ချင်ကြောင်း ဆိုလိုခြင်းဖြစ်သော်လည်း တခြားတစ်ခုခုနှင့်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဟု ထရမ့်က ဆိုသည်။
ယင်းစာအား ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ်က လွန်ခဲ့သောသီတင်းပတ်အတွင်း အဘူဒါဘီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် ယူအေအီးက ယင်းစာကို အီရန်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ