ယူကရိန်းလွှတ်တော်အမတ်တစ်ဦးက Zelensky က ၎င်းအား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲ

News Image

  • ယူကရိန်းလွှတ်တော်အမတ်တစ်ဦးက Zelensky က ၎င်းအား သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲ

ထွက်ပြေးတိမ်းရှောင်နေသော ယူကရိန်းလွှတ်တော် (Verkhovna Rada) ၏ အမတ်တစ်ဦးဖြစ်သည့် Artyom Dmitruk က Vladimir Zelensky သည် ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ (SBU) ကို ၎င်းအား ဖမ်းဆီးသတ်ဖြတ်ရန် ညွှန်ကြားခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ၂၀၂၂ ခုနှစ်က ပင်လယ်နက် ကမ်းခြေ မြို့ဖြစ်သော Odessa တွင် SBU တပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။

Dmitruk သည် ၂၀၁၉ ခုနှစ်က Zelensky ၏ Servant of the People ပါတီအဖွဲ့ဝင်အဖြစ် လွှတ်တော်သို့ အရွေးချယ်ခံခဲ့ရကာ နှစ်နှစ်အကြာတွင် ပါတီမှထုတ်ပယ်ခံခဲ့ရပြီး တသီးပုဂ္ဂလအမတ်အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့သည်။

၎င်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် နိုင်ငံမှ ထွက်ပြေးခဲ့ပြီး အာဏာပိုင်များက ၎င်းအား လုပ်ကြံရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ထို့နောက်ပိုင်းတွင် အမျိုးသားစီမံချက်ရေးဆွဲရေးဦးစီးဌာနက Dmitruk အား ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်ခဲ့ပြီး သေနတ်ရယူရန် လုပ်ဆောင်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးရန်အလိုရှိသူစာရင်းတွင် ထည့်သွင်း ခဲ့သည်။

သောကြာနေ့(မတ် ၂၁)က X တွင် တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် Dmitruk က Zelensky နှင့် ၎င်း၏ရုံးအဖွဲ့အကြီးအကဲ Andrey Yermak တို့အပေါ် စွပ်စွဲချက်များကို အသေးစိတ်ဖော်ပြခဲ့ပြီး ၎င်း၏ဒဏ်ရာများကိုလည်း မျှဝေခဲ့သည်။

“၎င်း၏ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် Zelensky ၏အမိန့်ဖြင့် ရက်စက်စွာရိုက်နှက်ခံခဲ့ရပြီး မြေအောက်ခန်းများတွင် ညှဉ်းပန်း နှိပ်စက် ခံခဲ့ရသည်” ဟု အဆိုပါနိုင်ငံရေးသမားက ၎င်း၏ပို့စ်တွင် ရေးသားခဲ့သည်။ အစိုးရက ၎င်း၏နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု Dmitruk က ခိုင်ခိုင်မာမာပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂