ရုရှားနှင့် အမေရိကန်အရာရှိများကြား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဆော်ဒီအာရေဗျ နိုင်ငံတွင် ထပ်မံကျင်းပ
ယူကရိန်းပဋိပက္ခဖြေရှင်းရေးနှင့် စပ်လျဉ်း၍ ရုရှားနှင့်အမေရိကန် အရာရှိများကြား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့၌ မတ်လ ၂၄ ရက်တွင် ထပ်မံကျင်းပခဲ့ကြောင်း မီဒီယာများတွင်ဖော်ပြသည်။
နှစ်နိုင်ငံအရာရှိကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲကို ရီယက်မြို့ရှိ ရစ်ဇ်ကာတန်ဟိုတယ်၌ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ဒီလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန် ယူပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရုရှားကိုယ်စားလှယ်အဖွဲ့တွင် ရုရှားပြည်ထောင်စုကောင်စီမှ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဂရီဂေါ်ရီ ကာရာဆင်၊ ပြည်ထောင်စုလုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူး၏ အကြံပေး ဆာဂျီဘီဆီဒါတို့ဦးဆောင်ပြီး အမေရိကန်ကိုယ်စားလှယ်များတွင်မူ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူး အင်ဒရူး ပိခ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သူ မိုက်ကယ်အန်တန်တို့ ပါဝင်ကြောင်း သိရသည်။
နှစ်နိုင်ငံကိုယ်စားလှယ်များသည် အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲ၌ ယူကရိန်း ဆိပ်ကမ်းများမှ ဂျုံများပြန်လည် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ကင်းရှင်းသည့် ရေလမ်းကြောင်းပြန်လည် ဖွင့်လှစ်ပေးရေး၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ လောင်စာဆီနှင့် ကုန်စည်များ တင်ပို့နိုင်ရေးအတွက် ပင်လယ်နက်အတွင်း ရေကြောင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထိန်းချုပ်နယ်မြေ သတ်မှတ်ရေးစသည့် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကျင်းပခဲ့သည့် ရုရှား-အမေရိကန် တွေ့ဆုံဆွေးနွေးမှုသည် စစ်မှန်သည့် တိုးတက်မှုများ၊ အထူးသဖြင့် ပင်လယ်နက်အတွင်း ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးမှ သင်္ဘောများကြား အပစ်အခတ်ရပ်စဲရေးအပေါ် အကျိုးသက်ရောက်စေနိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့က ပြောကြားထားသည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် အဆင့်မြင့် အရာရှိကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့၌ ယခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/