ဂရင်းလန်းဝန်ကြီးချုပ်က အမေရိကန် ဒုတိယသမ္မတ၏ဇနီး Usha Vance အပါအဝင် အမေရိကန်အရာရှိများလာရောက်လည်ပတ်မည့် ခရီးစဉ်ကို ပြင်းထန်စွာကန့်ကွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သိမ်းပိုက်ရန် ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပြီး ဒုတိယသမ္မတ၏ ဇနီး Usha Vance အပါအဝင် အမေရိကန်အရာရှိများ၏ Greenland သို့ လည်ပတ်မည့်အစီအစဉ်သည် လွန်စွာရန်လိုသောအပြုအမူဖြစ်ပြီး ဆက်ဆံရေးကိုဆိုးရွားစေမည်ဖြစ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က ပြောဆိုခဲ့သည်။
အမေရိကန် ဒုသမ္မတ JD Vance ၏ ဇနီး Usha Vance သည် ယခု သီတင်းပတ်အတွင်း ဂရင်းလန်းကျွန်းသို့သွားရောက်ပြီး ကျွန်း၏ အမျိုးသား ခွေးလှည်းပြိုင်ပွဲကို ကြည့်ရှုကာ “ဂရင်းလန်း ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုအစီအစဉ်တွင် ပါဝင်ဆင်နွှဲမည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz သည်လည်း မကြာမီတွင် ထိုနယ်မြေသို့သွားရောက်လည်ပတ်မည်ဟု ခရီးစဉ်နှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဂရင်းလန်းဝန်ကြီးချုပ် Mute B. Egede က တနင်္ဂနွေနေ့ (မတ် ၂၃) က ဂရင်းလန်းသတင်းစာ Sermitsiaq နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်ကို “လွန်စွာရန်လိုသော အပြု အမူ” ဟု ပြောဆိုခဲ့ပြီး Waltz ၏ခရီးစဉ်ကိုလည်း ကန့်ကွက်ခဲ့သည်။
ဂရင်းလန်းကိုသိမ်းပိုက်ရန် ထရမ့်၏အကြံအစည်သည် နည်းပညာမြင့် လုပ်ငန်းများအတွက် အရေးပါသော အဖိုးတန်ရှားပါး သတ္တုအရင်းအမြစ် များကြွယ်ဝသည့် ထိုနယ်မြေကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိ စေခဲ့ပြီး အမေရိကန်၊ ရုရှားနှင့် တရုတ်တို့က အာတိတ်ဒေသတွင် ဩဇာ လွှမ်းမိုးရန် ပြိုင်ဆိုင်နေသည့်အတွက် ကျွန်း၏အနာဂတ် လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းများထွက်ပေါ်စေခဲ့သည်။ ထရမ့်သည် ဒိန်းမတ်နှင့် ဂရင်းလန်းတို့က ၎င်း၏အကြံအစည်ကို ခိုင်မာစွာပယ်ချခဲ့သော်လည်း အမေရိကန်က ကျွန်းကို အင်အားသုံး သို့မဟုတ် စီးပွားရေး ဖိအားပေး ခြင်းဖြင့် သိမ်းပိုက်ရန်စိတ်ဝင်စားကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည်။
ဒိန်းမတ်မှ ဂရင်းလန်း၏လွတ်လပ်ရေးအတွက် တွန်းအားပေးခဲ့သူ Egede က ဂရင်းလန်းပြည်သူများ၏ သံတမန်ရေးရာလုပ်ဆောင်မှုသည် "ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့၏ ဂရင်းလန်းကို ပိုင်ဆိုင် ထိန်းချုပ်ရန် ရည်မှန်းချက်ကို တွန်းလှန်နိုင်သည်" ဟု ပြောကြားခဲ့သည်။
Egede ဦးဆောင်သော လက်ဝဲပါတီ IAInuit Ataqatigiit သည် ယခုလ အစောပိုင်းက ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဂရင်းလန်း၏ အနာဂတ် ဦးဆောင်သူ ဖြစ်လာနိုင်သူ Jens-Frederik Nielsen ကလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ လာရောက်လည်ပတ်မှုသည် “လေးစားမှု ကင်းမဲ့ခြင်း” ကို ပြသရာရောက်သည်ဟု ဆိုသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂