❝ပဋိပက္ခလျှော့ချပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် လိုအပ်ကြောင်း NSPNC ဥက္ကဋ္ဌ ပြောကြား❞

News Image

  • ❝ပဋိပက္ခလျှော့ချပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် လိုအပ်ကြောင်း NSPNC ဥက္ကဋ္ဌ ပြောကြား❞

နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို စုပေါင်းအဖြေရှာ ဖော်ထုတ်ရန်နှင့် ပဋိပက္ခလျှော့ချပြီး စီးပွားရေး၊ လူမှုရေးတို့အား ရေတိုရေရှည် စီမံကိန်းများ ဆောင်ရွက်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြား သည်။

မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည့် “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ပြုလုပ်သော ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့စကားဝိုင်းမှ နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍနှင့် စီးပွားရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့မှ အပြုသဘောဆောင်သည့် ဆွေးနွေးအကြုံပြုချက်များကို ရလဒ်ဖော်ထုတ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုတိုးတက်အောင်မြင်စေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးသိန်းဇော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပသည့် ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင် လာနိုင်စေရေး ကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည် ဖြစ်ကြောင်းကို လူထုအကြား အသိအမြင် တိုးမြင့်လာစေရန် ဆောင်ရွက်ပေးရန်နှင့် မီဒီယာများ၏ ငြိမ်းချမ်းရေးတွင် သတင်းမှန်များ ရောက်ရှိစေရေးအတွက် အရေးပါမှုများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်သူများအနေဖြင့် ခေါင်းစဉ်အလိုက် နက်ရှိုင်းစွာပါဝင်ဆွေးနွေးနိုင်စေရန် “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ”၊ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ” ဟူ၍ ကဏ္ဍနှစ်ခုခွဲခြားပြီး စကားဝိုင်း ပထမနေ့အနေဖြင့် “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ”တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောင်ရွက်ကာ “ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေါ်ရေး” ခေါင်းစဉ် ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)က ဦးဆောင် ဆွေးနွေး သည်။

ဆက်လက်၍ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း)ကဆောင်ရွက်ပြီး “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့် ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး (ငြိမ်း) ဒေါ်လဲ့လဲ့သိန်းက ဦးဆောင် ဆွေးနွေးကာ တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက် ရရှိလာသည့် သဘောထားများကို တက်ရောက်လာသူ ကိုယ်စားလှယ်အသီးသီးက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ငြိမ်းချမ်းရေး စကားဝိုင်းမှရရှိလာမည့် အလွှာအသီးသီး၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးတွင် ပါဝင် ဆောင်ရွက်သူများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြင့်လာစေကာ ၂၀၂၅ ခုနှစ်အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေများနှင့် လိုက်လျောညီထွေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက်ပါဝင် လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကို လူထုအကြား အသိအမြင် တိုးမြှင့်လာစေရန်နှင့် နိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန်တိုးတက်လာနိုင်စေမည့် ရေတိုရေရှည်လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မတ်၂၄ ရက်မှ ၂၆ ရက်အထိ သုံး ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-MHT