တန်ဖိုးမြှင့်သနပ်ခါး ထုတ်ကုန်များ ဈေးကွက်ကောင်းမွန်နေ
ခေတ်နှင့်အညီပြောင်းလဲလာမှုကြောင့် သနပ်ခါးအတုံးသွေးလိမ်းခြင်းအပြင် သနပ်ခါးဖြင့်ပြုလုပ်သော သနပ်ခါး ပေါင်ဒါမှုန့်၊ သနပ်ခါးလိုးရှင်း၊ သနပ်ခါးဆပ်ပြာ စသည့် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကိုဈေးကွက်အတွင်း ဝယ်ယူသုံးစွဲမှုများပြားလာကြောင်း သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များထံမှသိသည်။
လက်ရှိတွင် တန်ဖိုးမြှင့် သနပ်ခါးထုတ်ကုန်များကို လူငယ်နှင့်လူလတ်ပိုင်းများမှ သုံးစွဲမှုများပြားနေပြီး သနပ်ခါးအတုံးကိုမူလူကြီးပိုင်းများမှ သုံးစွဲမှုများပြားကြောင်းသိရသည်။ အဆိုပါ သနပ်ခါးထုတ်ကုန်များအား ပြည်တွင်းတွင် သာမက အိမ်နီးချင်းပြည်ပနိုင်ငံများသို့ တင်ပို့နေရပြီး နွေရာသီကာလမှာ အရောင်းအဝယ် အကောင်းဆုံးဖြစ်ကြောင်းသိရသည်။
“မြန်မာ့သနပ်ခါး၏ လက်ရှိဈေးကွက် အနေအထားကတော့ အရင်ကာလတွေထက် အခုလို နွေရာသီ ကာလက ပိုပြီးတော့ ရောင်းရကြောင်း ပြောနိုင်ပါတယ်။ သနပ်ခါးကိုအတုံးလိုက် သွေးလိမ်းသည့်သူ ရှိသလို တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သည့် သနပ်ခါးခဲ၊ အမှုန့်တို့ကိုလည်းသုံးသည့်သူများတယ်။ အထူးသဖြင့် လူငယ်တွေ အသုံးများတယ်။ သနပ်ခါးကုန်ချောထဲမှာအရောင်းရဆုံးကတော့ ရှင်မတောင်သနပ်ခါးခဲရယ်၊ သနပ်ခါးအမှုန့်ရယ်ဖြစ်ပါတယ်” ဟု သနပ်ခါးကိုအဆင့်မြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်နေသည့် လုပ်ငန်းရှင် တစ်ဦးမှပြောကြားသည်။
သနပ်ခါးထုတ်ကုန်များအား အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုသည် ဈေးကွက်အနေအထား ကောင်းမွန် နေသည့်အပြင် ပြည်တွင်း၌လည်းအထူးသဖြင့် နွေဦးကာလနှင့်နွေရာသီတွင် အရောင်းရဆုံး ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တန်ဖိုးမြှင့်သနပ်ခါးထုတ်ကုန်များကို ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရန် ဆောင်ရွက် နေကြောင်းသိရသည်။
သနပ်ခါးကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် လူငယ်များအကြား သုံးစွဲမှုအား ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း၊ ယင်းသို့ တန်ဖိုးမြှင့်ထုတ်ကုန်များတွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ရန်အတွက်ကိုလည်း ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံသနပ်ခါးအသင်းတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်းသိရသည်။
ကိုးကား- NP News