၂၀၂၆ ခုနှစ်အတွင်း အိန္ဒိယသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများအတွက် အခြေစိုက်စခန်းအသစ် တည်ဆောက်မည်
အိန္ဒိယနိုင်ငံသည် လာမည့်နှစ်တွင် ၎င်း၏အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိ နျူကလီးယားရေငုပ်သင်္ဘောများနှင့် အခြား စစ်သင်္ဘောများအတွက် မဟာဗျူဟာမြောက် ရေတပ်စခန်းသစ်တစ်ခု လာမည့်နှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ် နေကြောင်း Times of India သတင်းဌာန၏ အစီရင်ခံစာအရ သိရှိရပါသည်။ (Visakhapatnam) ဗီဆာခါပါတနမ်ရှိ အရှေ့ပိုင်းရေတပ်ဌာနချုပ်၏ တောင်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၁) အကွာ ရမ်ဘီလီကျေးရွာအနီးတွင် တည်ဆောက်မည့် အဆိုပါစခန်းသည် နျူကလီးယားရေငုပ်သင်္ဘောများကို ဝင်ရောက်ထားရှိရန် မြေအောက်လှိုဏ်ခေါင်းများနှင့် တူးမြောင်း ကွန်ရက်များ ပါဝင်မည်ဖြစ်ပါသည်။ ရမ်ဘီလီ စခန်း၏ ပထမအဆင့်တည်ဆောက်မှုမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်ပြီးနောက် ကာနာတာကပြည်နယ်ရှိ ကာရ်ဝါစခန်းကဲ့သို့ပင် အဆင့်ဆင့် တိုးချဲ့ အဆင့်မြှင့်တင် သွားမည်ဖြစ်ပါသည်။ နျူကလီးယားရေငုပ်သင်္ဘောစခန်း တည်ဆောက်မှုလုပ်ငန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကတည်းက စတင်ခဲ့ပြီး နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။ အဆိုပါအခြေစိုက်စခန်းကြောင့် အိန္ဒိယ၏ အဏုမြူရေငုပ်သင်္ဘောများသည် ဂြိုဟ်တုများမှ မထောက်လှမ်းမိစေဘဲ ဘင်္ဂလားပင်လယ်အော်ထဲသို့ တိတ်တဆိတ်ဝင်ရောက်နိုင်မည် ဖြစ်ပြီး၊ မလက်ကာ ရေလက်ကြားနှင့် အခြားအရေး ပါသော နယ်မြေများဆီသို့ ခြိမ်းခြောက်မှုကာကွယ်ရေး စောင့်ကြည့်ခရီးများအတွက် လျင်မြန်စွာ ထွက်ခွာနိုင်မည် ဖြစ်ပါသည်။
ကိုးကား - RT