အီရန်အပေါ် စစ်ရေးအရ အင်အားသုံးရန် အသင့်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား လိုအပ်ပါက စစ်ရေးအရ တုံ့ပြန်မှုပြုလုပ်ရန် အသင့်ရှိကြောင်း ဧပြီ ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် အိမ်ဖြူတော်၌ ကျင်းပသော သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အိုမန်၌အီရန်နှင့် ပြုလုပ်မည့်ဆွေးနွေးပွဲများသည် ကြာရှည်မည့် လုပ်ငန်းစဉ်၏အစသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မှတ်ချက်ပြုပြောကြားခဲ့သည်။ “မိမိတို့တွင် အချိန်အနည်းငယ်သာရှိကြောင်း၊ အကြောင်းမှာ မိမိတို့အနေဖြင့် ၎င်းတို့ကို နျူကလီးယားလက်နက်ရရှိရန် ခွင့်မပြုနိုင်သည့်အတွက် ဖြစ်ပါကြောင်း” အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ “မိမိအနေဖြင့် အများကြီးမတောင်းဆိုပါ။ ၎င်းတို့မှာ နျူကလီးယား လက်နက်ရှိ၍ မရပါ” ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောကြားခဲ့ပါသည်။ “သို့သော် အီရန်နှင့်ပတ်သက်၍ စစ်ရေးဆိုင်ရာလုပ်ဆောင်မှုလိုအပ်ပါက မိမိတို့က လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အစ္စရေး နိုင်ငံက ထိုအရာ၌ အကြီး အကျယ်ပါဝင်ပတ်သက်နေမည်မှာ ထင်ရှားကြောင်း၊ အစ္စရေးက အဆိုပါ ကိစ္စတွင် ဦးဆောင်သူဖြစ်လိမ့်မည်ဖြစ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့ပါသည်။ “သို့သော် မည်သူကမျှ မိမိတို့ကို ဦးဆောင်ခြင်း မရှိကြောင်း၊ မိမိတို့က မိမိတို့ဆန္ဒရှိသည်ကိုသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း” အမေရိကန်သမ္မတက အကျဉ်းချုပ်ပြောကြားခဲ့သည်။
ဧပြီ ၁၂ ရက်တွင် အိုမန်နိုင်ငံ၌ အမေရိကန်-အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး အမေရိကန်ဘက်မှ သမ္မတ၏ အထူး ကိုယ်စားလှယ် စတီဗင် ဝှစ်ကော့ဖ်နှင့် အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး အဘ်ဘာစ် အရာချီ တို့ ဦးဆောင်မည်ဖြစ်ပါသည်။ အိမ်ဖြူတော်က “တိုက်ရိုက် ဆွေးနွေးမည်” ဟု ဆိုသော်လည်း၊ အီရန်က “ကြားခံများမှတစ်ဆင့်သာ” ဆောင်ရွက်မည်ဟု ငြင်းဆိုခဲ့ပါသည်။
နျူကလီးယားသဘောတူညီချက် (JCPOA) မှနုတ်ထွက်မည့်အဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ရန် ဖြစ်နိုင်ခြေကို စာရွက်စာတမ်းတွင် အတည်ပြုပေးခြင်းနှင့် ပူးတွဲဘက်ပေါင်းစုံ လုပ်ဆောင်မှုအစီအစဉ်များပါဝင်သည့် JCPOA သဘောတူညီချက်ကို ပြန်လည် ပြင်ဆင် ရေးအတွက် အီရန်က တောင်းဆိုလျက်ရှိပါသည်။ အမေရိကန်ကမူ အီရန် နျူကလီးယားအစီအစဉ်၏ စစ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို တားဆီးခြင်း အပြင် အီရန်၏ နျူကလီးယားဆိုင်ရာနေရာများအားလုံးကို အပြီးအပိုင် ဖျက်သိမ်းရန် တောင်းဆိုလျက်ရှိသည်။ ထို့ပြင် ဝါရှင်တန်က အရှေ့ အလယ်ပိုင်း၌ အီရန်၏ မဟာမိတ်များကို ထောက်ခံအားပေးမှုကို ရပ်တန့် စေရန်နှင့် ဒုံးပျံပစ်လွှတ်ခြင်းနှင့်ပတ်သက်၍ အီရန်၏အစီအစဉ်ကို ကန့်သတ်ရန် တောင်းဆိုလျက်ရှိပါသည်။ အီရန်က ၎င်း၏နိုင်ငံခြားရေး မူဝါဒဆိုင်ရာနှင့် ကာကွယ်ရေးဆိုင်ရာအခွင့်အရေးများကို ကန့်သတ်ရန် မည်သည့်ကြိုးပမ်းမှုကိုမဆို လုံးဝငြင်းဆန်ခဲ့ပြီး ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၎င်း၏ အခွင့်အရေး ကို အလေးအနက်ထားပြောဆိုခဲ့သည်။
ကိုးကား - Tass