ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားဘီလျံနာအရေအတွက် တိုးလာ
ရုရှားနိုင်ငံ၏စီးပွားရေးကို မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်သည့် အနောက် အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း လွန်ခဲ့သည့် နှစ်တွင် ရုရှားဘီလျံနာအရေအတွက်မှာ တိုးလာခဲ့ကြောင်း Forbes World's Billionaires စာရင်းအရသိရသည်။ ထို့ပြင် (၂၀၂၅) ခုနှစ်၏ နှစ်စဉ်ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် ရုရှားနိုင်ငံသားအသစ် (၁၅) ဦး၏ နာမည်များပါဝင်လာခဲ့ပြီး စုစုပေါင်း ရုရှားဘီလျံနာ (၁၄၆) ဦးဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။
ရုရှား၏ ဘီလျံနာအသစ်များသည် မတူညီသောနောက်ခံများမှလာကြပြီး ကိုယ်တိုင်ဆန်းသစ်တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမွေဆက်ခံ သူများပါဝင်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့၏လုပ်ငန်းများသည် ကျောက်မီးသွေး၊ ငွေကြေး၊ IT၊ ဆေးဝါးများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ အစားအစာထုတ်လုပ်ရေး၊ အိမ်ရာ၊ ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်တို့ကို ကိုယ်စားပြုထားကြောင်း ဖော်ပြ ချက်များအရ သိရသည်။
ဘီလျံနာအဆင့်သတ်မှတ်ချက်တွင် အသစ်ဝင်ရောက်လာသူများ၌ ဆေးဝါး ကုမ္ပဏီ Pharmasyntez ၏ တည်ထောင်သူ အိန္ဒိယနွယ်ဖွား ဗစ်ခရမ်ပူနီရာသည် အချမ်းသာဆုံးဖြစ်ပြီး ၎င်း၏ချမ်းသာကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ (၂ ဒသမ ၁) ဘီလီယံရှိကြောင်းသိရသည်။ အခြား ဘီလျံနာများတွင် Lyudmila Kogan ကအမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ Miratorg ကုမ္ပဏီ၏ တည်ထောင်သူညီအစ်ကိုဖြစ်သည့်အလက်ဇန်းဒါးနှင့်ဗစ်တောလင်းနစ်သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃) ဘီလီယံ၊ဆော့ဖ်ဝဲလ်ကုမ္ပဏီ 1C တည်ထောင်သူ Boris Nuraliev သည် အမေရိကန်ဒေါ်လာ(၁ ဒသမ ၃ ဘီလီယံ)တို့ပါဝင်ကြောင်း သိရသည်။ အဆိုပါဘီလျံနာအသစ်များနှင့်အတူ ဘီလျံနာအသစ်အဆင့် သတ်မှတ်ချက် တွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာအဆင့်(၅)နေရာတွင် ရပ်တည်လျက် ရှိကြောင်းသိရသည်။
ကိုးကား-NP News