ထရမ့်၏ ၁၀၄ % အခွန်စည်းကြပ်မှုကို တုံ့ပြန်ရန် ပြင်းထန်သော အစီအမံများ ပြုလုပ်မည်ဟု တရုတ်ပြောကြား     

News Image

  • ထရမ့်၏ ၁၀၄ % အခွန်စည်းကြပ်မှုကို တုံ့ပြန်ရန် ပြင်းထန်သော အစီအမံများ ပြုလုပ်မည်ဟု တရုတ်ပြောကြား     

တရုတ်ကုန်ပစ္စည်းအပေါ် ဒေါ်နယ်ထရမ့်က အခွန် ၁၀၄ % အထိ စည်း ကြပ်မည့် အရေးယူမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရှိသူ Lin Jian က ပြောကြားလိုက်ပါသည်။

“မိမိတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပြင်းထန်သည့် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း” Lin Jian က သတင်းစာရှင်းလင်းပွဲတွင် ထရမ့်၏ အခွန်မူဝါဒများအပေါ် မှတ်ချက်ပြု ပြောကြားလိုက်ပါသည်။

ဧပြီ ၂ ရက်က ဒေါ်နယ်ထရမ့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ တင်သွင်း လာသည့်ကုန်ပစ္စည်းများအပေါ် အနည်းဆုံး အခြေခံအခွန် ၁၀ % စည်း ကြပ်ရန် ကြေညာလိုက်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအပေါ် အထူး သီးသန့် အခွန်အဖြစ် ၃၄ % ချမှတ်ထားကြောင်း အတည်ပြု ပြောကြား ထားပါသည်။

ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ဧပြီ ၁၀ ရက်မှစ၍ အမေရိကန်ကုန်ပစ္စည်းအားလုံးအပေါ် အခွန်စည်းကြပ်ကန့်သတ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ထို့နောက် ဒေါ်နယ်ထရမ့်က တရုတ်နှင့် အမေရိကန်အကြား ဆောင်ရွက်မည့် ကုန်သွယ်ရေး သဘောတူညီမှု မချုပ်ဆိုမီအထိ တရုတ်ပစ္စည်းများအပေါ် ၁၀၄ % အထိ အခွန်စည်းကြပ်မှု ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ကိုးကား- TASS/ Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃