အခွန်စည်းကြပ်မှုကြေညာပြီး စတော့ဝယ်ယူခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အပေါင်းအပါများကို စစ်ဆေးပေးရန် အမတ်များ တိုက်တွန်း
ဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုဆိုင်ရာ ကြေညာပြီးနောက် စတော့ ရှယ်ယာဈေးကွက် ကျဆင်းနေချိန်တွင် စတော့ရှယ်ယာများ ဝယ်ယူခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် သူ့မိတ်ဆွေများအပေါ် စုံစမ်းစစ်ဆေး ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်အချို့က အစိုးရစောင့် ကြည့်ရေးအဖွဲ့ ( Government Watchdog ) ကို သောကြာနေ့က တိုက်တွန်း ထားပါသည်။
ဒေါ်နယ်ထရန့်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို ဧပြီ ၂ ရက်နေ့က အခွန်စည်းကြပ်လိုက်ပြီးနောက် စတော့ဈေးကွက် ပြိုကျဆင်းခဲ့သည်။ ထို့နောက် ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် ဒါဇင်နှင့်ချီသော အချို့နိုင်ငံများအတွက် အခွန်စည်းကြပ်မှုများကို ရက် ၉၀ ကြာ ဆိုင်းငံ့လိုက်ရသဖြင့် စတော့ဈေးကွက် ပြန်လည်တက်လာခဲ့သည်။ ထိုအပြောင်းအလဲကာလအတွင်း ဒေါ်နယ်ထရန့် သို့မဟုတ် သူ့မိတ်ဆွေများက စတော့များကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်ဟု စွပ်စွဲချက် များ ရှိနေပါသည်။
ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က သူ၏ Truth လူမှုကွန်ရက် တွင် “ဝယ်ယူဖို့ တကယ့်အချိန်ကောင်းပဲ” ( THIS IS A GREAT TIME TO BUY!!!)ဟု ရေးသားခဲ့ပါသည်။ယခုကိစ္စအပေါ် တရားမျှတမှုရှိရှိ ဥပဒေနှင့် အညီ အတိအကျဖြစ်စေရေး စုံစမ်းစစ်ဆေးသင့်ကြောင်း လွှတ်တော်အမတ် များက ပြောကြားထားကြပါသည်။
ကိုးကား- France 24
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃