အီရန်နျူစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေး၏ အဆိုပြုချက်ကို ထရမ့်ပယ်ချ

News Image

  • အီရန်နျူစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေး၏ အဆိုပြုချက်ကို ထရမ့်ပယ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေး၏ အဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း အိမ်ဖြူတော် အရာရှိများ၊ ယင်းကိစ္စနှင့် ရင်းနှီးသော အခြားသူများကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၆)ညနေပိုင်းတွင် New York Times က ဖော်ပြခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က အီရန်နိုင်င်နှင့်စေ့စပ်ညှိနှိုင်းရေး စာချုပ်သစ်ချုပ်ဆိုရန် ရွေးချယ်ခဲ့ကြောင်း သိရပါသည်။ 

အစ္စရေးက အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍နှောင့်နှေးစေရန် ရည်ရွယ်ပြီး မေလအစောပိုင်းတွင် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မည့်အစီအစဉ်ကို ရေးဆွဲခဲ့ ပါသည်။ လေကြောင်းတိုက်ခိုက်မှုနှင့် ကွန်မန်ဒိုစီးနင်းမှုများကို ပေါင်းစပ် စဉ်းစားပြီးနောက် အစ္စရေးက တစ်ပတ်ကျော်ကြာမြင့်မည့် “ကျယ်ပြန့်သော ဗုံးကြဲတိုက်ခိုက်မှုတစ်ခု” ကို အမေရိကန်အစိုးရအား အဆိုပြုခဲ့ပါသည်။ အမေရိကန်အနေဖြင့် အဆိုပါ စစ်ဆင်ရေးကို မီးစိမ်းပြရုံသာမက ၎င်းကို တက်ကြွစွာ ထောက်ခံမည်ဟု အစ္စရေး တာဝန်ရှိသူများက မျှော်လင့်ထား ပါသည်။ 

သို့သော် ထရမ့်နှင့် အိမ်ဖြူတော် အရာရှိကြီးများ ဆွေးနွေးတိုင်ပင်မှု အပြီးတွင် ယခုလအစောပိုင်းတွင် အဆိုပါ အစီအစဉ်ကို ပယ်ချခဲ့ပါသည်။ ဒုသမ္မတ ဂျေဒီဗန့်စ် ၊ ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက် ၊ အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ တော်ဆီဂတ်ဘာဒ်နှင့်  ထိပ်တန်း အုပ်ချုပ်ရေး အရာရှိများက အစ္စရေးကို အဆိုပါတိုက်ခိုက်မှု ခွင့်ပြုလိုက်ပါက  ပိုမိုကျယ်ပြန့် သော ပဋိပက္ခဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် ငြင်းပယ်လိုက်သည်ဟု သိရပါ သည်။

အီရန်နှင့် အစ္စရေးတို့သည် ယမန်နှစ် ဧပြီလနှင့် အောက်တိုဘာလများတွင် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ပြိုင်ဘက်များကြား အဆိုးရွားဆုံး တင်းမာမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ 

ကိုးကား-Myanmar National Post