အမေရိကန်၏ အကူအညီမရလျှင် ယူကရိန်းစစ်ရှုံးနိုင်ဟု ဇီလန်စကီပြော

News Image

  • အမေရိကန်၏ အကူအညီမရလျှင် ယူကရိန်းစစ်ရှုံးနိုင်ဟု ဇီလန်စကီပြော

ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်မှ ပေးအပ်သော အကူအညီအထောက်အပံ့ရမှသာလျှင်  ရုရှားကို အနိုင်တိုက်နိုင်မည်ဖြစ်ကြောင်း၊  အမေရိကန်၏ ထောက်ပံ့မှုမရလျှင် စစ်ရှုံးမည်မှာ အမှန်ပင်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီက    အလည်အပတ်ရောက်လာသော       အမေရိကန် လွှတ်တော်အမတ်ကို ပြောသည်။

ထို့ပြင် လက်ရှိအချိန်တွင်  ယူကရိန်းနိုင်ငံသည်    စစ်ပွဲကိုရှုံးနိမ့်နေကြောင်း ဇီလန်စကီက အမေရိကန် အထက်လွှတ်တော်အမတ် ချက်ရှူးမားကို သတိပေးထားသည်။

ကျွန်တော်တို့နဲ့တွေ့ဆုံခဲ့တဲ့  သမ္မတဇီလန်စကီနဲ့ တာဝန်ရှိသူတွေ  တညီတညာတည်းပြောကြတာက  ယူကရိန်းက အကူအညီအထောက်အပံ့ရရင် ရုရှားကို အနိုင်တိုက်နိုင်မယ်။ အကူအညီအထောက်အပံ့မရရင် စစ်ပွဲကိုရှုံး နိမ့်မယ်ဆိုတဲ့ အချက်ပါပဲဟု ချက်ရှူးမားကပြောသည်။

ချက်ရှူးမားသည် ဒီမိုကရက်အမတ်များနှင့်အတူ ယူကရိန်းနိုင်ငံသို့ အလည်အပတ်ရောက်လာခြင်း ဖြစ်သည်။  ၎င်းခရီးစဉ်၏ ရည်ရွယ်ချက်မှာ   ယူကရိန်းနိုင်ငံ၏ စစ်ပွဲအတွင်း လိုအပ်ချက်များကို    လွှတ်တော် အမတ်များအနေဖြင့်  စဉ်းစားသုံးသပ်နိုင်ရန်ဖြစ်သည်။

ယခုအခါ ယူကရိန်းအနေဖြင့် စစ်ပွဲကိုရှုံးနိမ့်နေပြီဖြစ်သောကြောင့် အမေရိကန်မှ ကူညီထောက်ပံ့မှုများ  မဖြစ်မနေရရှိရေးအတွက်ကို လွှတ်တော်တွင် ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း  ချက်ရှူးမားကပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ယူကရိန်းသို့ ဒေါ်လာဘီလီယံ ၆၀ တန်ဖိုးရှိ အကူအညီ အထောက်အပံ့များပေးရန်   ဥပဒေကို အထက်လွှတ်တော်က အတည်ပြုလိုက်သော်လည်း     အောက်လွှတ်တော်မှ ရီပတ်ဘလစ်ကန်အမတ်များ၏ ဆန့်ကျင်မှုကြောင့် အတည်မဖြစ်သေးပေ။

ရုရှားနှင့်ယူကရိန်းတို့ကြား   ပဋိပက္ခဖြစ်ပွားပြီးကတည်းက    အမေရိကန်က ယူကရိန်းဘက်မှ အဓိက ထောက်ပံ့ပေးသူအဖြစ် ရပ်တည်လာသော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ ထောက်ပံ့မှုများမှာ  အရှိန်ကျဆင်းလာပြီဖြစ်သည်။

အထူးသဖြင့်  ယူကရိန်းတို့က ရုရှားအပေါ် တန်ပြန်တိုက်စစ်ဆင်နွှဲမှု မအောင်မြင်မှုကြောင့် အနောက်အုပ်စု၏ ထောက်ပံ့မှုက လျော့ကျလာခြင်းဖြစ်သည်။

ယူကရိန်းက စစ်မြေပြင်တွင်  ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသော်လည်း    ရှေ့တန်းရောက်စစ်သည်များအနေဖြင့် အမြောက်များ၊ တာဝေးပစ်လက်နက်ကြီးများ၊လေယာဉ်များနှင့်   အခြားသော စစ်လက်နက်ပစ္စည်းများ လိုအပ်နေကြောင်း   ယူကရိန်းတာဝန်ရှိသူများက ပြောထားသည်ဟု သိရသည်။

Ref: RT

Source: https://myawady.net.mm/