ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ဂျာမနီအစိုးရ ကြေညာ
သံချပ်ကာယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် အခြားစစ်လက်နက်ပစ္စည်းများအပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များကို ဂျာမနီအစိုးရက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါသည်။
ဂျာမန်အဓိပတိဖြစ်လာခဲ့သည် Chancellor Friedrich Merz က ယူကရိန်း ကို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး ဂျာမနီက ကိုယ်တိုင်ချမှတ်ထားသော တားမြစ်ချက်များကို ၎င်းကချိုးဖောက် နိုင်သည်ဟု ယခုလအစောပိုင်း၌ ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်း၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ရုရှားဘက်မှ ပြင်းပြင်းထန်ထန် သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ ဂျာမနီအစိုးရ သည် ယူကရိန်းသို့ပေးပို့ခဲ့သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းစာရင်းများနှင့် ပတ်သက်ပြီး ပြင်ဆင်ထားသည့်စာရင်းအသစ်ကို လွန်ခဲ့သော ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရပါသည်။
ထုတ်ပြန်ချက်၌ “ဂျာမနီအစိုးရသည် လာမည့်နှစ်များအတွင်း ယူရို (၂၈) ဘီလီယံ တန်ဖိုးရှိ စစ်ရေးအကူအညီများ ယူကရိန်းကိုပေးအပ်ရန် ကတိပြု ထားပြီး ယူရို (၅ ဒသမ ၂) ဘီလီယံ ဝန်းကျင်တန်ဖိုးရှိ စစ်ရေးအကူအညီများသည် ဂျာမနီစစ်တပ်၏ ကိုယ်ပိုင်သိုလှောင်မှုများထဲမှဖြစ်သည်” ဟု ပါရှိသည်။ ထို့အပြင် ဂျာမနီသည် ယူကရိန်းစစ်သား(၁၀,၀၀၀) ကျော်အား ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားချိန်မှစတင်ပြီး စစ်ရေးလေ့ကျင့်ပေးမှုများပြုလုပ်ပေးခဲ့သည်ဟု ဂျာမနီအစိုးရက ထပ်မံပြောကြားခဲ့ပါသည်။
ကိုးကား-NP News