အင်ဒိုနီးရှား၌ တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံ၌ ဧပြီလ ၂၂ ရက် တစ်ရက်တည်းမှာပင် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုတို့ ဖြစ်ပွားကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
အရှေ့ဂျာဗားပြည်နယ်၌တည်ရှိသော ဆီမီရူမီးတောင်သည် တစ်ရက်တည်းမှာပင် လေးကြိမ်ပေါက်ကွဲမှု ဖြစ်ပွားကြောင်းမီးတောင်နှင့် ဘူမိအန္တရာယ်လျှော့ချရေး ဌာနက ထုတ်ပြန်သည်။
ထိုမီးတောင်သည် နံနက် ၅ နာရီမှ မွန်းလွဲ ၁၂ နာရီကျော်အထိ လေးကြိမ်တိုင် ပေါက်ကွဲခြင်းဖြစ်ပြီး ထိုလေးကြိမ်စလုံးတွင် မီးတောင်မှပြာများကို အမြင့်မီတာ ၈၀၀ အထိမှုတ်ထုတ်ကြောင်း တွေ့ရှိရသည်။
အလားတူ မြောက်ဆူလာဝေဆီပြည်နယ်၌ ကမ်းလွန်ဒေသကိုဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၆ ရစ်(ခ်)တာစကေးရှိ ငလျင် တစ်ခုလှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၇ မိနစ်တွင် ကီပူလန်းတာလော့ဒေသမှ အရှေ့တောင်ဘက် ၆၇ ကီလိုမီတာအကွာရှိ ပင်လယ်ကြမ်းပြင်အောက် ၁၀၇ ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်သည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။
ပစိဖိတ်မီးကွင်းဒေသတွင် ပါဝင်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် လှုပ်ရှားမှု ရှိသောကျောက်လွှာများကြောင့် ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုတို့ကို မကြာခဏရင်ဆိုင်နေရလေ့ရှိသည့် ဒေသတစ်ခု ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/