ဂါဇာကမ်းမြောင်၌ ကျောက်ကပ်ဝေဒနာရှင် ၄၀၀ ကျော်သေဆုံး
ဂါဇာ ဧပြီ ၂၃
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမားစ် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ကာ ကုသခံယူမှုနှင့် အရေးတကြီးလိုအပ်သော ဆေးဝါးပြတ်တောက်မှုကြောင့် ကျောက်ကပ်ရောဂါခံစားနေရသည့် လူနာ ၄၀၀ ကျော် သေဆုံးမှုဖြစ်ပွားကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင် ပြောသည်။
သေဆုံးသူများသည် ဂါဇာကမ်းမြောင်ရှိ ကျောက်ကပ်ဝေဒနာရှင် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းခန့်ရှိကြောင်း ဂါဇာရှိ အယ်ရှီဖာဆေးရုံ၌ တာဝန်ရှိသူများက သတင်းထောက်များကိုပြောသည်။ ဆက်လက်ဖြစ်ပွားနေသော အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ဆေးဝါးထောက်ပံ့မှု ဆိုးရွားစွာ ပြတ်တောက်မှုများအောက် ကျန်းမာရေးစနစ် ဆက်လက်ပြိုလဲနေသည့်အတွက် မတ်လနောက်ပိုင်း ကျောက်ကပ်ဆေးကြောရန် လိုအပ်သည့် လူနာ ၁၁ ဦးခန့် သေဆုံးခဲ့ရကြောင်း သိရသည်။
အယ်ရှီဖာဆေးရုံရှိ ကျောက်ကပ်ဌာနအကြီးအကဲ အဗ္ဗဒူလာအယ်ကီရှာဝီက ပဋိပက္ခမဖြစ်ပွားမီ ကျောက်ကပ်ဝေဒနာရှင် ၁၁၀၀ ခန့်မှာ ကျောက်ကပ်ဆေးကြောမှု ခံယူခဲ့ရကြောင်းနှင့် ၎င်းတို့အထဲမှ ၄၁၆ ဦးမှာ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
Source: မြန်မာ့အလင်းသတင်းစာ