အမေရိကပင်လယ်ကွေ့ ဟု ပြောင်းလဲဖော်ပြနေသော Google ကို မက္ကဆီကို တရားစွဲ
မက္ကဆီကိုပင်လယ်ကွေ့ အစား အမေရိကပင်လယ်ကွေ့ ဟု ပြောင်းလဲဖော်ပြနေသော Google ကို မက္ကဆီကိုက တရားစွဲဆိုလိုက်ကြောင်း မက္ကဆီကိုသမ္မတ Claudia Sheinbaum က မေ ၉ (သောကြာနေ့)မှာ ပြောကြားထားပါသည်။
“ပင်လယ်ကွေ့ရေပြင်ကို အမေရိကန်နှင့် မက္ကဆီကိုတို့အကြား နယ်နိမိတ် မျှဝေအသုံးပြုနေကြပါသည်။ ဒေါ်နယ်ထရမ့်၏အမိန့်က ၎င်း၏နိုင်ငံ အမေရိကန်မှာသာ အကျုံးဝင်ပါသည်။ မက္ကဆီကို အပါအဝင် အခြားနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက ထိုနာမည်ကို ပြောင်းလဲ အသိအမှတ်ပြုရန် မလိုအပ်ပါ။ အမေရိကပင်လယ်ကွေ့နာမည်ကိုအမေရိကန် ကုန်းမြေစွန်းပေါ်ရှိ ပင်လယ်ကွေ့အပိုင်းအတွက်သာ အသုံးပြုသင့်ပါသည်” ဟု မက္ကဆီကို သမ္မတက တုံ့ပြန်ပြောကြားထားပါသည်။
ဖေဖော်ဝါရီလက သမ္မတ Sheinbaum က Google ကုမ္ပဏီ၏ အစိုးရရေးရာနှင့် ပြည်သူ့မူဝါဒဒုတိယဥက္ကဋ္ဌ Cris Turner ထံ ဒေါ်နယ် ထရမ့်၏ ပင်လယ်ကွေ့နာမည် ပြောင်းလဲဖော်ပြသည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့ပါသည်။ လက်ရှိအခြေအနေမှာ Google Maps တွင် ပင်လယ်ကွေ့ကို အမေရိကန်အတွင်း၌ “အမေရိက ပင်လယ်ကွေ့” ၊ မက္ကဆီကိုအတွင်း၌ “မက္ကဆီကို ပင်လယ်ကွေ့” နှင့် အခြားနေရာများတွင် “မက္ကဆီကိုပင်လယ်ကွေ့ (အမေရိကပင်လယ်ကွေ့)” ဟု ဖော်ပြထား ပါသည်။
မက္ကဆီကိုပင်လယ်ကွေ့အမည် ခေါ်ဝေါ်လာခြင်းမှာ နှစ်ပေါင်း ၄၀၀ ကျော်လာပြီ ဖြစ်ပါသည်။ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်သည့် Associated Press (AP) သတင်းဌာနက ထရမ့်ရွေးချယ်ထားသည့် အမည်သစ်ကို အသိအမှတ်ပြုထားသော်လည်း မူလနာမည်ကိုသာ အသုံးပြုဆဲ ဖြစ်ပါသည်။ ထိုအချက်ကြောင့် ဖေဖော်ဝါရီလတွင် အမေရိကန်အစိုးရက အိမ်ဖြူတော် Oval Office အစည်းအဝေး သို့မဟုတ် Air Force One လေယာဉ်ပေါ်တွင် ထရမ့်နှင့်အတူ သွားရောက်မည့်ခရီးစဉ်တွေမှာ AP သတင်းထောက်အုပ်စု လိုက်ပါသတင်းယူခွင့်ကို ကန့်သတ်ပိတ်ပင်ထားပါသည်။
ကိုးကား- The Hindu
Photo: Fortune
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃