ယာဥ်အစီးရေ ရာချီပါဝင်သည့် ရမခ အလံလွှင့်ထူထားသည့် မြန်မာ့ တပ်မတော်ယာဥ်တန်း လားရှိုးမြို့သို့ဝင်ရောက်

News Image

  • ယာဥ်အစီးရေ ရာချီပါဝင်သည့် ရမခ အလံလွှင့်ထူထားသည့် မြန်မာ့ တပ်မတော်ယာဥ်တန်း လားရှိုးမြို့သို့ဝင်ရောက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အလံများ လွှင့်ထူထားသည့် အစီးရေ ရာချီ ပါဝင်သော မြန်မာ့တပ်မတော်ယာဉ်တန်းများ ဧပြီ ၂၂ ရက် နံနက်ပိုင်း တွင် လားရှိုးမြို့သို့ ဝင်ရောက်လာကြောင်း သိရသည်။

လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့တို့ ယခင်ရက်များက တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် ယခုကဲ့သို့ တပ်မတော်မှ လားရှိုးမြို့အတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့တပ်မတော်ယာဉ်တန်းများသည် လက်ရှိတွင် ပြည်ထောင်စု လမ်းမကြီးဘေး၌ ရပ်တန့်ထားသည်ဟုသိရပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်သည့် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ် အနီးတစ်ဝိုက်တွင် MNDAA တပ်ဖွဲ့ဝင်အချို့ ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုထားသည်။

MNDAA ထိန်းချုပ်ထားခဲ့သည့် အဆိုပါ လားရှိုးမြို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံသို့ ပြန်လည် လွှဲပြောင်းမည်ဟု ယခင်ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုလို အခြေအနေသို့ ရောက်ရှိလာခဲ့သော်လည်း လားရှိုးမြို့ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို ယခုချိန်အထိ ဘက် အသီးသီးမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

MNDAA အဖွဲ့အနေဖြင့် ဧပြီ ၂၁ ရက်တွင် လားရှိုးမြို့အတွင်းရှိ ၎င်းတို့၏ အထူးဒေသ (၁) အလံများကို ဖြုတ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံအလံများ လွှင့်ထူထားသည်ကို တွေ့ရှိရသည်ဟု ဒေသဆိုင်ရာသတင်းများအရ သိရသည်။

ကိုးကား-MHT