ကရင်မလင်က NATO အား ဖင်လန်နိုင်ငံတွင် စစ်အင်အားတိုးချဲ့မှုနှင့် ပတ်သက်၍ တုံ့ပြန်မည်ဟု သတိပေး

News Image

  • ကရင်မလင်က NATO အား ဖင်လန်နိုင်ငံတွင် စစ်အင်အားတိုးချဲ့မှုနှင့် ပတ်သက်၍ တုံ့ပြန်မည်ဟု သတိပေး

ရုရှား၏ နိုင်ငံခြားရေးဝန်ကြီးဌာန (Kremlin) က ဖင်လန်နိုင်ငံတွင် NATO ၏ စစ်ရေးတပ်ဖွဲ့များ တိုးချဲ့တည်ဆောက်မှုအား “ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်သည့် အဆင့်မြင့် စစ်ရေးလှုပ်ရှားမှု” အဖြစ် သတ်မှတ်ကာ လိုအပ်ပါက ထိရောက်သောတုံ့ပြန်မှုများ ပြုလုပ်မည်ဟု ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် NATO အဖွဲ့ဝင် ဖြစ်လာပြီးနောက် ဖင်လန်နိုင်ငံသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိသည်။ ယခုလတွင်း ဖင်လန်နှင့် NATO တပ်ဖွဲ့များ၏ ပူးတွဲလေ့ကျင့်မှုများနှင့် စစ်လက်နက်သစ်များ တပ်ဆင်မှုတို့ကို ရုရှားက “နယ်စပ်ဒေသ မတည်ငြိမ်မှုကို ဖြစ်စေနိုင်” ဟု ဝေဖန်ခဲ့သည်။

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် (Dmitry Peskov) က “NATO ၏ ဖင်လန်ရှိ စစ်အခြေစိုက်စခန်း တိုးချဲ့မှုသည် ရုရှား၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး မိမိတို့၏ နယ်နိမိတ် အနီး စစ်ရေးအခြေအနေကို ပိုမိုတင်းမာစေသည်"ဟု ပြောကြားခဲ့သည်။ ထို့အပြင် “အဆိုပါလုပ်ရပ်များအတွက် ရုရှားက စစ်ရေးနှင့် နည်းဗျူဟာ ဆိုင်ရာ တုံ့ပြန်မှုများ ဆောင်ရွက်မည်” ဟု သတိပေးခဲ့သည်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက “မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကာကွယ်ရေးဆိုင်ရာသာဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းမရှိ” ဟု ပြန်လည်ငြင်းဆိုခဲ့သည်။

NATO အထွေထွေအတွင်းရေးမှူး ဂျန်းစ် စတော်လင်ဘာ့ဂ် (Jens Stoltenberg) ကလည်း “ဖင်လန်၏ အဖွဲ့ဝင်အခွင့်အရေးများကို လေးစားပြီး မည်သည့် ခြိမ်းခြောက်မှုကိုမဆို ပူးပေါင်းကာကွယ်မည်” ဟု ထုတ်ပြန်ခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂