ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်အတွက် ဆွေးနွေးရန် ဟားမက် ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုသို့ ရောက်ရှိ
ဟားမက်အဖွဲ့အကြီးအကဲ ခါလီ အယ်လ်-ဟေယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ၏ အဆိုပြုချက်သစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကိုင်ရိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အီဂျစ် သတင်းရင်းမြစ် တစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။ “အီဂျစ်နိုင်ငံ၏ အစီအစဉ်ကတော့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား များ အပြည့်အဝလဲလှယ်ရေး၊ ဂါဇာဒေသဆီ လူသားချင်းစာနာမှု အကူအညီ ပေးပို့နိုင်ရေး၊ ဂါဇာဒေသကနေ အစ္စရေးတပ်များ လုံးလုံးလျားလျား ဆုတ်ခွာရေး စသည့်အချက်များကို တောင်းဆိုထားခြင်းဖြစ်ပါသည်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အီဂျစ်နိုင်ငံက ကာတာနိုင်ငံနှင့် ညှိနှိုင်းကာ ပြင်ဆင်ထားသည့် ယင်း အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့၌ ဆွေးနွေးမှုများမှာ ဧပြီ ၂၁ ရက် က ပြီးဆုံးသွားပြီးနောက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည် ထွက်ခွာ သွားချိန်တွင် ဟားမက်အဖွဲ့၏ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ “အစ္စရေးဘက်က ယင်းအဆိုပြုချက်ကို ဆန်းစစ်သုံးသပ်နေဆဲ ဖြစ်သော် လည်း ဟားမက်အဖွဲ့ကတော့ ကနဦး သဘောတူညီမှုကို ပြသထားပါသည်” ဟု အီဂျစ်သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဂါဇာဒေသမှ သတင်းရင်းမြစ်တစ်ဦးကလည်း ထိုခရီးစဉ်နှင့် စပ်လျဉ်း၍ ဆင်ဟွာ သတင်း ဌာနအား အတည်ပြုခဲ့သည်။ အစ္စရေးဘက်က ဂါဇာ၌ စစ်ဆင်ရေးများ ယာယီရပ်ဆိုင်းရေး၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေးနှင့် အပြန်အလှန်အနေဖြင့် ဟားမက်အဖွဲ့က ဖမ်းဆီးထားသော အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးရေးတို့ ပါဝင်သည့် သဘောတူညီချက် တစ်ရပ် ရရှိရန် ကြိုးပမ်းနေသည်ဟု ၎င်းကဆိုသည်။ ဟားမက်အဖွဲ့ ကလည်း ယင်းအား တုံ့ပြန်သည့်အနေဖြင့် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အပြန်အလှန်အနေဖြင့် ဂါဇာ ကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုအားလုံးကို အလုံးစုံရပ်ဆိုင်းရေး၊ စစ်ပွဲ အား အပြည့်အဝအဆုံးသတ်ရေးအတွက် တောင်းဆိုထားသော တန်ပြန် အဆိုပြုချက် တစ်ရပ်ကို အဆိုပြုထားသည်ဟု ၎င်းသတင်းရင်းမြစ်၏ အဆိုအရ သိရသည်။
ကိုးကား-Xinhua
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂