ပါကစ္စတန်က အိန္ဒိယနှင့် နယ်စပ်ရှိ ဝါဂါဂိတ်စခန်းကို ပိတ်သိမ်းပြီး အိန္ဒိယလေကြောင်းလိုင်းများအား လေကြောင်းအသုံးပြုခွင့် ရပ်ဆိုင်း

News Image

  • ပါကစ္စတန်က အိန္ဒိယနှင့် နယ်စပ်ရှိ ဝါဂါဂိတ်စခန်းကို ပိတ်သိမ်းပြီး အိန္ဒိယလေကြောင်းလိုင်းများအား လေကြောင်းအသုံးပြုခွင့် ရပ်ဆိုင်း

ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ ဆုံးဖြတ်ချက်အရ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ရှိ ဝါဂါဂိတ်စခန်းကို အရေးပေါ် ပိတ်သိမ်းမည် ဖြစ်ပြီး အိန္ဒိယပိုင် (သို့) အိန္ဒိယလေကြောင်းလိုင်းများအား ပါကစ္စတန် လေကြောင်းနယ်နိမိတ် အသုံးပြုခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဧပြီ ၂၄ တွင် ကြေညာချက်ထုတ်ပြန်လိုက်ပါသည်။

ထိုဆုံးဖြတ်ချက်မှာ ဂျမူးနှင့်ကက်ရှ်မီးယား ပဋိပက္ခဒေသ (အိန္ဒိယထိန်းချုပ် ဧရိယာ) တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအား အိန္ဒိယက တုံ့ပြန်မှုများကြောင့် ဖြစ်ပါသည်။ 

ဝါဂါနယ်စပ်ဂိတ် အရေးပေါ်ပိတ်သိမ်းခြင်းကြောင့် အိန္ဒိယမှ နယ်စပ် ဖြတ်ကျော် ခရီးသွားလာမှု အားလုံးကို ချက်ချင်းရပ်ဆိုင်းမည်ဖြစ်ပြီး ပုံမှန် သက်တမ်းဗီဇာဖြင့် ဖြတ်ကျော်ထားသူများသာ ဧပြီ ၃၀ မတိုင်မီ ပြန်လည် ဖြတ်သန်းခွင့်ပေးထားမည်ဖြစ်ပါသည်။ ထို့ပြင် ပါကစ္စတန်၏ လေကြောင်း နယ်နိမိတ်အား အိန္ဒိယလေယာဉ်များ အသုံးပြုခွင့် ချက်ချင်း ရုပ်သိမ်း ရမည် ဖြစ်ပါသည်။

ဧပြီ ၂၂ တွင် အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသ (ပါဟာဂမ်မြို့) ၌ လက်နက်ကိုင် အကြမ်းဖက်သမားများက ခရီးသွားများအား ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါမှ ခရီးသွား ၁ ဦး သေဆုံးခဲ့သည်။ The Times of India ၏ ထုတ်ဖော်ချက်အရထိုတိုက်ခိုက်မှုကို The Resistance Front (TRF) က စီစဉ်ခဲ့ပြီး ၎င်းသည် ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba (LeT)အဖွဲ့၏ လက်ခွဲအဖွဲ့ဖြစ်ပါသည်။ 

အိန္ဒိယက ပါကစ္စတန်အပေါ် ပစ်မှတ်ထား ဝေဖန်မှုများ ပြုလုပ်နိုင်ခြေရှိပြီး၊ ပါကစ္စတန်က တာဝန်မရှိဟု ငြင်းဆိုလေ့ရှိသည်။ ဝါဂါဂိတ်ပိတ်ခြင်းနှင့်လေကြောင်းပိတ်ခြင်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေ နိုင်ပြီး ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ဒေသတွင်း လုံခြုံရေးအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ပါသည်။

အဆိုပါအခြေအနေသည် ၂၀၁၉ ခုနှစ်က ပါကစ္စတန်က အိန္ဒိယ လေကြောင်း ပိတ်ပင်ခဲ့သည့် Balakot အရေးအခင်းနှင့် ဆင်တူနေပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃