ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့် အစီအစဉ်ကို ဗြိတိန်ဖျက်သိမ်းမည်
ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်မည်ဆိုပါက ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမည်မဖော်လိုသူအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ The Times သတင်းစာကဖော်ပြသည်။
ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို စေလွှတ်ရန်အစောပိုင်းတွင် ဆွေးနွေးခဲ့ကြသော်လည်း အဆိုပါနိုင်ငံများ၏ အစီအစဉ်ကို ရုရှားနိုင်ငံက အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ထို့ပြင် ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ခြင်းသည် နေတိုးနှင့် ရုရှားနိုင်ငံတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ရုရှားအစိုးရက ဧပြီလ ၂၅ ရက်တွင် အတိအလင်းပြောကြားသည်။
လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခင်က စဉ်းစားခဲ့သည့်အတိုင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံအတွင်းသို့ ဖြန့်ကြက်ခြင်းမပြုဘဲ ယူကရိန်းစစ်သည်များကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားကြောင်းသိရသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏လက်နက်များအား ယူကရိန်းသို့ ဆက်လက်ပေးပို့ရန် ဆန္ဒရှိနေကြောင်း The Times သတင်းစာက ဆက်လက်ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံအတွင်းသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်သည်များအား ဖြန့်ကြက်ခြင်းသည် အလွန်အန္တရာယ်ကြီးပြီး ဖြန့်ကြက်မည့် တပ်ဖွဲ့ဝင်အရေအတွက်မှာလည်း လုံလောက်မှုမရှိကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် ယူကရိန်းသို့ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရန် ပိုမိုစိတ်အားထက်သန်မှုရှိသည့်နိုင်ငံဖြစ်ကြောင်း အမည်မဖော်လိုသူ အရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာက ဖော်ပြထားကြောင်း သိရသည်။
Ref: RT
Source: https://myawady.net.mm/