အိန္ဒိယ-ပါကစ္စတန် တင်းမာမှု ပိုမိုမြင့်တက်လာပြီး ၃၆ နာရီအတွင်း အိန္ဒိယ စစ်ဆင်ရေးစတင်လာနိုင်သည်ဟု ပါကစ္စတန်ဆို

News Image

  • အိန္ဒိယ-ပါကစ္စတန် တင်းမာမှု ပိုမိုမြင့်တက်လာပြီး ၃၆ နာရီအတွင်း အိန္ဒိယ စစ်ဆင်ရေးစတင်လာနိုင်သည်ဟု ပါကစ္စတန်ဆို

ပါကစ္စတန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက “အိန္ဒိယသည် လာမည့် ၂၄ နာရီ မှ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ဆင်ရေးစတင်မည်”ဟူသော ယုံကြည်စိတ်ချရသည့် ထောက်လှမ်းရေးအချက်အလက်ရှိကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀) နံနက်စောစောတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါကြေညာချက်သည် နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့က စိတ်ရှည်သည်းခံမှု ရှိရန် တိုက်တွန်းခဲ့သည်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတာယူလာရှ် တာရာက X (Twitter) တွင် ညသန်းခေါင်အချိန် ပို့စ်တင်ကာ “အိန္ဒိယ၏ စစ်ရေးအရေးယူမှုအတွက် ခိုင်လုံသော အချက်အလက်များ ရှိပါသည်” ဟု ဆိုခဲ့သည်။ သို့သော် မည်သည့်သက်သေအထောက်အထားကို အခြေခံထားကြောင်း ရှင်းလင်းချက် မပေးခဲ့ပေ။

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက တင်းမာမှုလျှော့ချရန် နှစ်ဖက်လုံး အား တောင်းဆိုခဲ့သည်။ CNN က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထံ တာရာ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုံ့ပြန်ချက်တောင်းခံရန် ဆက်သွယ် ခဲ့သော်လည်း အဖြေမရရှိသေးပါ။

ယခုအချိန်ကာလသည် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး အထူးတင်းမာ နေချိန်ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်က အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယား၏ ပါဟယ်ဂမ်မြို့တွင် အကြမ်းဖက်သမားများက ခရီးသွား ၂၆ ဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိန္ဒိယက ပါကစ္စတန်က အဆိုပါတိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။

ပါကစ္စတန်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ကြားနာစုံစမ်းရေးကော်မရှင် ဖွဲ့ရန် အဆိုပြုခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂