ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယက ပိုင်သည့် သဘောပြောခြင်းမှာ မဖြစ်သင့်သော ကိစ္စဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖြေကြား
BJP ပါတီမှ လွှတ်တော်အမတ်ပြောသည့် ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယက ပိုင်သည့် သဘောပြောခြင်းမှာ မဖြစ်သင့်သောကိစ္စဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။ “မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားဝင်ဆွေးနွေးတိုင်းတာ အတည်ပြုပြီး ဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်ကိစ္စများ ဖြစ်ပါသည်။ ၎င်းကို မဏိပူရပြည်နယ်မှ အချို့သော နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များသည် ၎င်းတို့၏ နိုင်ငံရေးမဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏ ပြောဆိုနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိနေရသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၂၀၁၁ ခုနှစ်က မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားက ကဘော်ချိုင့်ဝှမ်းကို မဏိပူရက ပိုင်သင့်ကြောင်း ပြောခဲ့ပြီး၊ ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း အဆိုပါ ပါတီကပင် ၎င်းတို့ပါတီကို မဲပေးလျှင် ကဘော်ချိုင့်ဝှမ်းကို ပြန်တောင်းပေးမည်ဆိုပြီး မဲဆွယ်ခဲ့ကာ ယခုတွင်လည်း BJP ပါတီ၏ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းသည် မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “အိန္ဒိယနိုင်ငံက တာဝန်ရှိသူများအနေနှင့် နိုင်ငံတော်အဆင့် သဘောတူဆောင်ရွက်နေသော ကိစ္စများကို ပြည်နယ်တစ်ခု၊ ပါတီ တစ်ခုက ဖျက်လိုဖျက်ဆီး ပြောဆိုနေမှုများကို လိုအပ်သလို ထိန်းကြောင်းတည့်မတ်ပေးရန် လိုအပ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သလို လက်ရှိတွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများ ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ အကြားတည်ရှိနေသော အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးများကို မြန်မာနိုင်ငံဘက်က အမြဲရပ်တည် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်သည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် ပြုမူပြောဆိုမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားလိုပါသည်ဟု ဆက်သွယ်မေးမြန်းသည့်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။
ကိုးကား-NP News