Han Duck-soo တောင်ကိုရီးယား သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာ

News Image

  • Han Duck-soo တောင်ကိုရီးယား သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာ

သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည် ဟု ကတိပြုကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo က မေ ၂ ရက်တွင် ကြေညာခဲ့သည်။ Han Duck-soo က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ယင်းနေ့က လွှတ်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သမ္မတ အဖြစ် အောင်မြင်စွာ ရွေးချယ်ခံရပါက ၎င်းတာဝန်ထမ်းဆောင်သည့် ပထမ နေ့တွင် သမ္မတ တိုက်ရိုက်လက်အောက်ခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ပံ့ပိုးရေးအဖွဲ့ကို တည်ထောင်သွားမည် ဖြစ်ကာ အခြေခံဥပဒေပြင်ဆင်မှု အောင်မြင်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။ ၎င်း၏သမ္မတသက်တမ်း ပထမနှစ် တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ရေးဆွဲသွားမည်ဖြစ်သလို ဒုတိယနှစ် တွင်မူ အခြေခံဥပဒေပြင်ဆင်ရေး ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော် ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးနောက် သမ္မတရာထူးမှချက်ချင်း နုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Han Duck-soo သည် မေ ၁ ရက်က ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့ရာ ယာယီသမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်းကြေညာခဲ့ရာ ယွန်းဆက်ယို ရာထူးမှ ချက်ချင်းဖယ်ရှားခံခဲ့ရသည်။ သမ္မတ အသစ် ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။

ကိုးကား- Xinhua

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂