ဂါဇာ၌ တိုးချဲ့တိုက်ခိုက်မည့် အစီအစဉ်ကို အစ္စရေးက အတည်ပြုရန်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးလာနိုင်
အစ္စရေးအစိုးရသည် ဂါဇာကမ်းမြောင်ဒေသ၌ ပြုလုပ်နေသည့် စစ်ဆင်ရေးကို တိုးချဲ့မည့် အစီအစဉ်ကို အတည်ပြုရန် ရှိကြောင်းသိရှိရသည်။
အစ္စရေး၏ ထိုးစစ်ဆက်လက်လုပ်ဆောင်နေပြီး လွန်ခဲ့သော ၄၈ နာရီ အတွင်း လူ ၇၇ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးအရာရှိများကစနေနေ့ (မေ ၃) တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ဂါဇာ၌ သေဆုံးသူဦးရေ ၅၂,၄၉၅ ဦး ရှိပြီဖြစ်ပါသည်။
စနေနေ့ နံနက်အရုဏ်မတက်မီ အစ္စရေးက ဂါဇာတောင်ပိုင်း Khan Younis မြို့ကို တိုက်ခိုက်ခဲ့ပါသည်။ ဆေးရုံတစ်ခု၌ NHK က ရိုက်ကူးထားသည့် ဗီဒီယိုထဲတွင် ဦးခေါင်းမှ သွေးထွက်နေသော မိန်းကလေးတစ်ဦး အပါအဝင် ဒဏ်ရာရရှိသူများကို လက်ခံနေသည့် ပုံများကို တွေ့ရပြီး အဆိုပါမိန်းကလေး သေဆုံးခဲ့ခြင်းကို အတည်ပြုခဲ့ကြောင်း ဆေးရုံအရာရှိ က NHK ကို ပြောခဲ့သည်။
တနင်္ဂနွေနေ့ (မေ ၄) တွင် ပြုလုပ်မည့် အစည်းအဝေး၌ အစ္စရေးအစိုးရအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်အပေါ် ဖိအားပိုပေးရေး ထိုးစစ်ကို တိုးချဲ့လုပ်ဆောင်ရန်အတွက် လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ပါသည်။
အစ္စရေးတပ်ဖွဲ့များသည် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်းကို မတ်လကတည်းက ပိတ်ပင်တားမြစ်ခဲ့ပါသည်။ တိုက်ခိုက်မှုများ မတိုင်မီ အစ္စရေးစစ်တပ်က တိမ်းရှောင်ရွှေ့ပြောင်းရေးအမိန့် ထုတ်ပြန်ပြီးသည့်အနေအထားတွင် ပါလက်စတိုင်းပြည်သူများသည် ဂါဇာဒေသ၏ သုံးပုံတစ်ပုံလောက်၌သာ နေထိုင်နိုင်တော့သည်ဟု ကုလသမဂ္ဂက ပြောပါသည်။
အစ္စရေး၏ ထိုးစစ်တိုးချဲ့မှုကြောင့် မြေပြင်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂