ရုရှားအပေါ်ချမှတ်သည့်ပိတ်ဆို့မှုမှ ထွက်ပေါ်လာသောသက်ရောက်မှုများကြောင့် အကျပ်အတည်း များနှင့် ရင်ဆိုင်နေရသည့် ဥရောပကားထုတ်လုပ်မှု
ဥရောပရှိ မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီကြီးများသည် ယခုအခါ အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ အထူးသဖြင့် ဂျာမနီကားကုမ္ပဏီကြီးများသည် အကျိုးအမြတ်ပမာဏကျဆင်းလာခြင်း၊ ဝန်ထမ်းများကို အလုပ်မှရပ်ဆိုင်းရခြင်းနှင့် လုပ်ငန်းအချို့ကို ပိတ်သိမ်းပစ်ရခြင်း စသည့်အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ကမ္ဘာကျော်ကားကုမ္ပဏီကြီးများဖြစ်သည့် BMW၊ Volkswagen နှင့် Mercedes-Benz တို့မှာ ပိုမိုအထိနာလျက်ရှိသည်ကိုတွေ့ရသည်။ ထိုသို့ ဥရောပကားကုမ္ပဏီကြီးများ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရခြင်းမှာ ရုရှားနိုင်ငံအပေါ်ချမှတ်ခဲ့သည့်ပိတ်ဆို့မှုများကြောင့် နောက်ဆက်တွဲအဖြစ်ထွက်ပေါ်လာသည့် ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှု၊ ကားဈေးကွက်အတွင်းသို့ ပြည်ပမှထုတ်လုပ်ထားသည့် မော်တော်ကားများ ဝင်ရောက်လာမှုနှင့် အဆိုပါ ဥရောပကားကုမ္ပဏီများ၏ တွက်ချက်မှု မှားယွင်းခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုနိုင်သည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် အချက်အလက်များအရ BMW ကုမ္ပဏီ၏ အမြတ်အစွန်းပမာဏကျဆင်းမှုသည် ၃၇ ရာခိုင်နှုန်းအထိရှိခဲ့သည့်အပြင် Volkswagen ကုမ္ပဏီက ၃၃ ရာခိုင်နှုန်းနှင့် Mercedes-Benz ၏ အမြတ်အစွန်းပမာဏကျဆင်းမှုသည် ၄၀ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသည်။ ထိုသို့ အမြတ်အစွန်းပမာဏကျဆင်းလာမှုကြောင့် Volkswagen ကုမ္ပဏီက နိုင်ငံအတွင်းရှိ ကားထုတ်လုပ်ရေးစက်ရုံအချို့ကို ပိတ်ပစ်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
ထို့ပြင် Volkswagen ကုမ္ပဏီ၏ တန်ဖိုးစုစုပေါင်းသည် ငါးနှစ်အတွင်းမှာပင် ၃၀ ရာခိုင်နှုန်းကျဆင်းလာခဲ့သည်။ အလားတူပင် အခြားနာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည့် Audi အနေဖြင့် လာမည့် ၂၀၂၉ ခုနှစ်ခန့်တွင် ခန့်အပ်ထားသည့် အလုပ်သမားဦးရေအနက် ၇၀၀၀ ကျော် ကို အလုပ်မှရပ်ဆိုင်းရန်စီစဉ်ထားသည်။ အဆိုပါကုမ္ပဏီသည် ၂၀၁၉ ခုနှစ်မှစ၍ ဝန်ထမ်းစုစုပေါင်း ၄၈၀၀၀ ခန့်ကို အလုပ်မှရပ်ဆိုင်းထားပြီးဖြစ်သည်။
ဥရောပသမဂ္ဂအဖွဲ့ သို့မဟုတ် အီးယူက ရုရှားနိုင်ငံအပေါ် အကြောင်းအမျိုးမျိုးပြ၍ ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းနှင့် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့အား အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်အတွင်းသို့တင်သွင်းရန် အီးယူအဖွဲ့မှတာဝန်ရှိသူများက တားမြစ်ဟန့်တားခဲ့ခြင်းသည် ဥရောပနိုင်ငံအချို့တွင် စွမ်းအင်ဈေးနှုန်းကို အဆမတန်မြင့်တက်လာစေခဲ့သည်။
ထို့ပြင် အီးယူနိုင်ငံများအတွင်း၌ ဝယ်လိုအားကျဆင်းလာခြင်း၊ အခြားနိုင်ငံများမှ ထုတ်လုပ်သည့် မော်တော်ကားကုမ္ပဏီများ၏ပြိုင်ဆိုင်မှုများနှင့် ဥရောပထုတ် မော်တော်ကားအချို့မှာ တရုတ်လျှပ်စစ်ကားနှင့် Tesla မှ ထုတ်လုပ်သည့် မော်တော်ကားများ၏ နည်းပညာနှင့် နှိုင်းယှဉ်ပါက နောက်ကောက်ကျနေခြင်းတို့ကြောင့် ဝယ်လိုအားမှာကျဆင်းလာခြင်းဖြစ်သည်။
အီးယူအဖွဲ့ရှိ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံသည် လက်ရှိတွင် လျှပ်စစ်ဓာတ်အားဈေးနှုန်းများ အဆမတန်မြင့်တက်မှုနှင့်ရင်ဆိုင်နေရသည်။ ယင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဈေးနှုန်းသည် အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါကများစွာမြင့်တက်လျက်ရှိသည်။ ထို့ကြောင့် နည်းပညာသစ်များ ထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိပေ။
ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများ၌ လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် လျှပ်စစ်ကားအသုံးပြုခြင်းကို အပြည့်အဝပြောင်းလဲဖော်ဆောင်ရန် အီးယူအဖွဲ့က တောင်းဆိုထားသော်လည်း အဆိုပါအစီအစဉ်မှာ လက်ရှိအခြေအနေများအရ ဖြစ်လာနိုင်ခြေနည်းပါးလျက်ရှိသည်။ အကြောင်းမှာ အီးယူအဖွဲ့ဝင်နိုင်ငံများတွင် လျှပ်စစ်ကားအသုံးပြုမှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာစေရန် မျှော်မှန်းခဲ့သော်လည်း လက်တွေ့တွင် အသုံးပြုမှုနှုန်းမှာ ၁၃ ဒသမ ၆ ရာခိုင်နှုန်းသာရှိသောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံမှထုတ်လုပ်သည့် မော်တော်ကားများကို ဝယ်ယူခြင်းမရှိတော့ဘဲ ဥရောပရှိ ၎င်းတို့၏ဈေးကွက်ကိုပါ ပိတ်ထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ယခုနှစ် ဧပြီလ ၃ ရက်မှစ၍ အမေရိကန်အစိုးရက အီးယူနိုင်ငံများမှ တင်သွင်းလာသည့် မော်တော်ယာဉ် တင်သွင်းမှုများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံရန် ဆုံးဖြတ်လိုက်ခြင်းသည် ဥရောပကားကုမ္ပဏီများအတွက် ခံရခက်သည့်ထိုးနှက်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ အကြောင်းမှာ ဥရောပကားကုမ္ပဏီများသည် ၎င်းတို့ထုတ်လုပ်သည့် မော်တော်ကားစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းခန့်ကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နေခြင်းကြောင့်ပင်ဖြစ်သည်။
ဥရောပကားထုတ်လုပ်ရေးကဏ္ဍသည် လက်ရှိတွင် ဝန်ထမ်းဦးရေ ၁၄ သန်းခန့်ကို အလုပ်အကိုင် ခန့်အပ်ထားသော်လည်း ယခုအခါ ပြည်တွင်းနှင့်ပြည်ပမှ ဝယ်လိုအားမှာကျဆင်းလာခဲ့သည်။ ထို့ပြင် လျှပ်စစ်ကားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘက်ထရီများ၏ကုန်ကျစရိတ်မှာ ကြီးမြင့်ခြင်းကြောင့် အီးယူနိုင်ငံများ၌ လျှပ်စစ်ကားထုတ်လုပ်ရာတွင် ဈေးနှုန်းမှာပိုမိုများပြားလျက်ရှိသည်။ တရုတ်နိုင်ငံသည် ယခုအခါ နည်းပညာပိုမိုဆန်းသစ်သည့် လျှပ်စစ်ကားအများအပြားကို ထုတ်လုပ်လျက်ရှိသည့်အပြင် ဈေးနှုန်းမှာလည်း အီးယူမှကားကုမ္ပဏီများထက် ၃၀ ရာခိုင်နှုန်း သက်သာလျက်ရှိသည်။
ထို့ကြောင့် အီးယူနိုင်ငံများအနေဖြင့် ဈေးနှုန်းသက်သာသည့် စွမ်းအင်အရင်းအမြစ်များမရှိပါက မော်တော်ကားထုတ်လုပ်မှုကဏ္ဍတွင် အခြားနိုင်ငံများနှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်ကြောင်း စိန့်ပီတာစဘာ့ ပြည်နယ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ နာတာလီယာ အီရီမီနာက ထောက်ပြထားသည်။ ဆိုလိုသည်မှာ အီးယူမော်တော်ကား
ကုမ္ပဏီများ သို့မဟုတ် ဓာတုလုပ်ငန်း အနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို ပြိုင်ဆိုင်နိုင်စွမ်းကောင်းစွာဖြင့် လည်ပတ်နိုင်ရေးအတွက် ရုရှားနိုင်ငံမှ စွမ်းအင်အရင်းအမြစ် အများအပြားလိုအပ်မည်ဖြစ်သည်။
ထို့ပြင် အီးယူနိုင်ငံများအနေဖြင့် မော်တော်ကားဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်တိုးတက်လာစေရန်အတွက် နှစ်စဉ် ယူရို ၈၀၀ ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံရန်နှင့်ဥရောပစက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာသစ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ရန် လိုအပ်သည်ဟု ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း မာရီယို ဒရာဂီက စာမျက်နှာ ၄၀၀ ပါသည့် အစီရင်ခံစာတစ်စောင်တွင် အကြံပြုထားခြင်းဖြစ်သည်။
Ref: Iz
မောင်ယုယ
Source: https://myawady.net.mm/